ဘန်ကောက်မှာ ခိုက်ရန်ဖြစ်ရင်း မြန်မာတစ်ဦးအသတ်ခံရ

RFA Burmese
2024.07.22
ဘန်ကောက်မှာ ခိုက်ရန်ဖြစ်ရင်း မြန်မာတစ်ဦးအသတ်ခံရ ၂ဝ၂၁ ခုနှစ် ဧပြီလ ၈ ရက်နေ့က တွေ့မြင်ရသည့် ဘန်ကောက်မြို့တွင်းတစ်နေရာ မြင်ကွင်း။
Photo: AFP

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ လမ်းမပေါ်မှာ ထိုင်းနိုင်ငံသားတစ်ဦးနဲ့ မြန်မာတွေ ခိုက်ရန်ဖြစ်ရင်း မြန်မာတစ်‌ဦး သေဆုံးသွားတယ်လို့ ဘန်ကောက်ပို့စ်သတင်းက ဇူလိုင်လ ၂၂ ရက် ဒီနေ့ ဖော်ပြပါတယ်။

ဘန်ကောက် ဘန်ကပီအရပ်မှာရှိတဲ့ Happyland စျေးဝယ်စင်တာနောက်မှာ ရန်ဖြစ်ကြရင်း မြန်မာတစ်ဦးကို ထိုင်းနိုင်ငံသားတစ်ဦးက ဓားနဲ့ ထိုးသတ်ခဲ့တာလို့ ဆိုပါတယ်။

အသတ်ခံရတဲ့ မြန်မာနိုင်ငံသားဟာ အသက် ၃၄ နှစ်အရွယ် ဆေးသုတ်သမား ခွန်ရှင်းမွန်ဆိုသူ ဖြစ်တယ်လို့ သတင်းမှာဖော်ပြပါတယ်။

ရဲတပ်ဖွဲ့ရဲ့ပြောချက်အရ ... အသတ်ခံရသူ ကိုခွန်ရှင်းမွန်နဲ့ သူငယ်ချင်းတစ်စုက ထိုင်းနိုင်ငံသား ဆေးရောင်းသမားရဲ့ မော်တော်ဆိုင်ကယ်ကို ရှေ့ကဖြတ်ပြီး ဆိုင်ကယ်ပြိုင်မောင်းကြရင်း စကားများကြတာလို့ ဆိုပါတယ်။

အဲဒီလိုဖြတ်မောင်းတာကို မတောင်းပန်တဲ့အပြင် မထီမဲ့မြင်လုပ်တာကြောင့် အိတ်ထဲမှာဆောင်လာတဲ့ ဓားနဲ့ လည်ပင်းနဲ့ ရင်ဘတ်ကို နှစ်ချက်ထိုးသတ်လိုက်တာလို့ အသက် ၂၇ နှစ်အရွယ် ထိုင်းနိုင်ငံသား Issara Sitthikham က ထွက်ဆိုထားပါတယ်။

သူဟာ ဒီနေ့မနက်ကိုးနာရီလောက်မှာ ရဲစခန်းကို လာအဖမ်းခံခဲ့တယ်လို့ ထိုင်းရဲကပြောပါတယ်။

အခင်းဖြစ်တဲ့နေရာမှာ မြင်တဲ့သူတွေကို ရဲတပ်ဖွဲ့က ထပ်မံစစ်ဆေးနေပြီး အဲဒီထိုင်းနိုင်ငံသားကို လူသတ်မှု၊ လက်နက်ကိုင်ဆောင်မှုတွေနဲ့ တရားစွဲဖို့ ပြင်ဆင်နေတယ်လို့လည်း ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။