စစ်ဘေးဒုက္ခသည်တွေအတွက် အန္တရာယ်ကင်းဇုန်ဖွင့်ရေး ထိုင်းလွှတ်တော်မှာ တင်ပြ

RFA Burmese
2023.08.10
စစ်ဘေးဒုက္ခသည်တွေအတွက် အန္တရာယ်ကင်းဇုန်ဖွင့်ရေး ထိုင်းလွှတ်တော်မှာ တင်ပြ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်ကို ထွက်ပြေးလာကြသည့် မြန်မာစစ်ဘေးဒုက္ခသည်များအား ၂ဝ၂၃ ခုနှစ် ဧပြီလ ၁ဝ ရက်နေ့က တွေ့ရစဉ်။
AFP PHOTO/ ROYAL THAI ARMY

တိုက်ပွဲတွေကြောင့် မြန်မာပြည်က ထွက်ပြေးလာတဲ့သူတွေအတွက် အန္တရာယ်ကင်းမဲ့ဇုန်တစ်ခု ဖွင့်နိုင်ရေး Fair party အမတ် Kanawee Suebsaeng က ထိုင်းအောက်လွှတ်တော်ဥက္ကဋ္ဌကို သြဂုတ်လ ၁ဝ ရက်နေ့က အကြံပြုတင်ပြခဲ့ပါတယ်။

"လာမယ့်အစိုးရသစ်မှာ နိုင်ငံရေးရာကော်မတီသစ်ဖွဲ့စည်းပြီးတဲ့အခါ ဒီကိစ္စကို အောက်လွှတ်တော်နဲ့အတူ ဆွေးနွေးနိုင်ဖွယ် ရှိပါတယ်။ ကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတစ်ဝန်းမှာ နေရပ်စွန့်ခွာထွက်ပြေးရသူ တစ်သန်းကျော် ရှိနေပြီး အဲဒီထဲက သုံးသိန်းကျော်ဟာ ချင်းရိုင်၊ ချင်းမိုင်၊ မယ်ဟောင်ဆောင်၊ တာခ့်ခရိုင်၊ ကန်ချနဘူရီနဲ့ရနောင်း စတဲ့ ခရိုင်တွေနဲ့ကပ်လျက် နယ်စပ်မှာရှိနေပြီး ထိုင်းနိုင်ငံဘက် ကူးလာဖို့ အဆင်သင့်ဖြစ်နေတယ်" လို့ သူက ဆိုပါတယ်။

မြန်မာစစ်တပ်ရဲ့ မြေပြင်နဲ့ဝေဟင်က မဆင်မခြင်ထိုးစစ်တွေကြောင့် လွန်ခဲ့တဲ့ နှစ်နှစ်စလုံး ထိုင်းလူ့ဘောင် အသိုင်းအဝန်းကို ထိခိုက်စေခဲ့ကြောင်း၊ အဲဒီလူ သုံးသိန်း ထိုင်းနိုင်ငံထဲရောက်လာရင် သူတို့အားလုံးကို လက်ခံနိုင်ဖို့ အခြေအနေမရှိတာကြောင့် ဒီပြဿနာကို ဖြေရှင်းဖို့ ထိုင်းနိုင်ငံအတွက် စိန်ခေါ်ချက်တွေဖြစ်နေတယ်လို့လည်း ပြောပါတယ်။

အောက်လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ဒီပြဿနာတွေကို အဖြေရှာဖို့ ဝန်ကြီးချုပ်ထံ စာရေးသားတင်ပြဖို့လည်း Fair party အမတ် Kanawee Suebsaeng က အကြံပြုခဲ့ပါတယ်။

မြန်မာစစ်တပ်ဘက်က ထိုးစစ်တွေ လျှော့ချမှသာ ဒီပြဿနာတွေကို ဖြေရှင်းနိုင်မှာဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံအတွင်း ထိုင်းနယ်စပ်နဲ့ ငါးကီလိုမီတာအကွာ နေရာတစ်ခုကို အန္တရာယ်ကင်းဇုန်အဖြစ်သတ်မှတ်ဖို့ မြန်မာစစ်တပ်နဲ့ တွေ့ဆုံဆွေးနွေးညှိနှိုင်းဖို့လည်း တိုက်တွန်းပါတယ်။

thailand5.jpg
ထိုင်းနိုင်ငံဘက်သို့ ခိုဝင်လာသည့် ကရင်နီပြည်နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

အန္တရာယ်ကင်းဇုန် သတ်မှတ်ပေးနိုင်ရင် နယ်စပ်တလျှောက်က ထိုင်းနိုင်ငံသားတွေ ကြုံတွေ့ရမယ့် ဝန်ထုပ်ဝန်ပိုးတွေ လျော့နည်းသွားမယ့်အပြင် ထွက်ပြေးလာသူတွေအနေနဲ့လည်း အဲဒီနေရာမှာ လုံလုံခြုံခြုံနေနိုင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တကယ်လို့ နှစ်ဖက်ဆွေးနွေးမှုလမ်းစဉ်က မဖြစ်နိုင်ရင် နိုင်ငံတကာက စုပေါင်းအဖြေရှာဖို့လိုကြောင်း၊ အာဆီယံ ဥက္ကဋ္ဌအနေနဲ့လည်း ငြိမ်းချမ်းရေးမူ ငါးချက်ကို အခြေခံပြီး အန္တရာယ်ကင်းဇုန် အကောင်အထည်ဖော်ဖို့ မြန်မာစစ်ကောင်စီနဲ့ ဆွေးနွေးရမှာဖြစ်သလို ထိုင်းဝန်ကြီးချုပ်အနေနဲ့လည်း မူဝါဒတွေ လုပ်ငန်းစဉ်တွေ ပြည့်ပြည့်စုံစုံ ချမှတ်ပြီး နယ်စပ်လုံခြုံရေးအဖွဲ့တွေကိုလည်း ဒီမူဝါဒတွေ လိုက်နာဖို့ အမိန့်ပေးစေခိုင်းရမယ်လို့ ဆိုပါတယ်။

မြန်မာဒုက္ခသည်တွေကို ကူညီရေးနဲ့ အန္တရာယ်ကင်းမဲ့ဇုန်ပေါ်ပေါက်ရေးအတွက် လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ သံရုံးတွေနဲ့ ပြည်တွင်းပြည်ပလူမှုအဖွဲ့အစည်းတွေကို ဖိတ်ခေါ်တိုင်ပင်ဆွေးနွေးပြီး အကူအညီတွေ ရယူဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။