ထိုင်းငါးဖမ်းလှေတွေကို စစ်ကောင်စီတပ် ပစ်ခတ်ဖမ်းဆီးတာ ကန့်ကွက်ကြောင်း ထိုင်းဝန်ကြီးချုပ်ပြော
2024.12.01
ပြီးခဲ့တဲ့စနေနေ့က ရနောင်းခရိုင်မှာ ထိုင်းငါးဖမ်းလှေတွေကို စစ်ကောင်စီရေတပ်က ပစ်ခတ်ပြီး သင်္ဘောသားတွေကို ဖမ်းဆီးခဲ့တာကို ကန့်ကွက်ကြောင်း ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra)က ပြောလိုက်ပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အကြမ်းဖက်တာကို လက်မခံနိုင်ကြောင်းနဲ့ အခုဖြစ်ရပ်ကို အသေးစိတ်စုံစမ်းနေပြီး ဖမ်းဆီးခံထားရသူတွေထဲက ထိုင်းနိုင်ငံသား လေးယောက် ပြန်လွတ်ဖို့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့လည်း ရိုက်တာသတင်းမှာ မနေ့က ဖော်ပြပါတယ်။
ထိုင်းကာကွယ်ရေးဝန်ကြီး Phumtham Wechayachai ကလည်း အခုလို မြန်မာဘက်က အင်အားသုံး ဖြေရှင်းခဲ့တဲ့အပေါ် ကန့်ကွက်ကြောင်းပြောကြားခဲ့ပြီး ဖြစ်စဉ်အသေးစိတ်ကို ရှင်းပြဖို့နဲ့ ထိုင်းနိုင်ငံသားတွေကို အမြန်ပြန်လွှတ်ပေးဖို့ စစ်ကောင်စီကို စာပေးပို့တောင်းဆိုထားတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa ကတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စိုးရိမ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး စစ်ကောင်စီမြန်မာသံအမတ်နဲ့ ဒီဇင်ဘာလ ၂ ရက် တနင်္လာနေ့မှာ တွေ့ဆုံဖို့ ဆင့်ခေါ်ထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့သဘောထားမေးမြန်းဖို့ ရိုက်တာသတင်းဌာနက ဆက်သွယ်ခဲ့ပေမဲ့ တုံ့ပြန်ချက် မရသေးဘူးလို့လည်း ဆိုပါတယ်။
ရနောင်းခရိုင် ကမ်းလွန်ပင်လယ်ပြင်မှာ ထိုင်းငါးဖမ်းရေယာဉ်တွေကို မြန်မာရေတပ် ကင်းလှည့်သင်္ဘောက ပစ်ခတ်ခဲ့တာကြောင့် ငါးဖမ်းသမားတစ်ဦး ရေနစ်သေဆုံးပြီး ထိုင်းနိုင်ငံသား လေးယောက် အပါအဝင် သင်္ဘောသား ၃၁ ယောက်ကို စစ်ကောင်စီရေတပ်က ဖမ်းဆီးသွားတယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ထိုင်းငါးဖမ်းရေယာဉ် ၁၅ စင်းထဲက နှစ်စင်းက မြန်မာရေပိုင်နက် ရေမိုင် လေးမိုင်ကနေ ငါးမိုင်ခွဲကျော်ထဲ ဝင်ရောက်သွားချိန် ပစ်ခတ်ခံရတာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။