မြန်မာနယ်စပ်ကို လျှပ်စစ်ဓာတ်အား ထက်ဝက်ဖြတ်ဖို့ ထိုင်းကာကွယ်ဝန်ကြီးပြော

RFA Burmese
2025.02.03
မြန်မာနယ်စပ်ကို လျှပ်စစ်ဓာတ်အား ထက်ဝက်ဖြတ်ဖို့ ထိုင်းကာကွယ်ဝန်ကြီးပြော ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai။
Photo: Royal Thai Government

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နှိမ်နှင်းရေး ဖိအားပေးတဲ့အနေနဲ့ မြန်မာနယ်စပ် မြဝတီဘက်ကို ပေးနေတဲ့ လျှပ်စစ်ဓာတ်အား ထက်ဝက်ဖြတ်တောက်သွားမှာဖြစ်ကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က ပြောလိုက်ပါတယ်။

ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ (NSC)က ကနဦး သတိပေးတဲ့အနေနဲ့ မြဝတီမြို့နယ်အတွင်း ရွှေကုက္ကိုလ်နဲ့ KK Park ကို ပေးနေတဲ့ လျှပ်စစ်ဓာတ်အား ၅ဝ ရာခိုင်နှုန်း လျှော့ချသွားမှာဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။

အဲဒီဒေသတွေက တရားမဝင်လုပ်ငန်းတွေကို မြန်မာအာဏာပိုင်တွေက အရေးမယူရင် ဓာတ်အားတွေ အကုန်ဖြတ်တောက်သွားမယ်လို့ ဒုဝန်ကြီးချုပ်က ပြောဆိုကြောင်း ထိုင်းအခြေစိုက် The Nation သတင်းမှာ ဖေဖော်ဝါရီလ ၃ ရက်နေ့က ဖော်ပြပါတယ်။

ထိုင်းနိုင်ငံက လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ မြန်မာဘက်ကို လျှပ်စစ်ဓာတ်အား ပံ့ပိုးပေးတာဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အား လုံးဝမပေးတော့ပဲ ရပ်လိုက်လို့ရပေမဲ့ အပြစ်မဲ့အရပ်သားတွေအတွက် ထည့်သွင်းစဉ်းစားရကြောင်းလည်း ပြောဆိုပါတယ်။

ဒီကိစ္စအပေါ် မြန်မာအာဏာပိုင်တွေနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနတို့ တွေ့ဆုံပြီး အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို အရေးယူဖို့ ဒါမှမဟုတ် ငွေလိမ်ဂိုဏ်းတွေ လုပ်ကိုင်ရာနေရာတွေမှာ လျှပ်စစ်မီးဖြတ်တာကို လက်ခံဖို့ ဆွေးနွေးခဲ့ပြီးဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းဒုဝန်ကြီးချုပ် Phumtham ဟာ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ မဲဆောက်နယ်စပ်ကို သွားရောက်မှာဖြစ်ပြီး လျှပ်စစ်ဓာတ်အားလျှောချမဲ့ကိစ္စကို တိတိကျကျ ညွှန်ကြားချက်ထုတ်ပြန်မယ်လို့လည်း ဆိုပါတယ်။ ဒီခရီးစဉ်မှာ နယ်စပ်တစ်လျှောက်က အကျင့်ပျက်အရာရှိတွေကို ဖော်ထုတ်အရေးယူသွားမယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် နယ်စပ်တစ်လျှောက် ငွေလိမ်ဂိုဏ်းတိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်ရေးအတွက် တရုတ်နိုင်ငံနဲ့ ဆွေးနွေးဖို့ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ တရုတ်ပြည်သူ့လုံခြုံရေးဌာန လက်ထောက်ဝန်ကြီး Liu Zhongyi နဲ့ တွေ့ဆုံသွားမှာဖြစ်ကြောင်း သတင်းမှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။