ဖမ်းဆီးခံ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၃၀ ကျော်ကို ထိုင်းက လွှဲပြောင်းပေး

RFA Burmese
2024.09.07
ဖမ်းဆီးခံ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၃၀ ကျော်ကို ထိုင်းက လွှဲပြောင်းပေး ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအား မြန်မာနိုင်ငံဘက်သို့ လွှဲပြောင်းပေးနေသည်ကို စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်ထားစဉ်။
Ministry of Information

ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၃၁ ကို ကော့သောင်းနယ်စပ်ဂိတ်ကနေ မြန်မာနိုင်ငံဘက်ကို လွှဲပြောင်းပေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းနိုင်ငံ ရနောင်းမြို့ကနေ ကောင်းသောင်းမြို့ကို ရေလမ်းကနေ စစ်ကောင်စီလက်အောက်ခံ တာဝန်ရှိသူတွေကို လွှဲပြောင်းပေးခဲ့တာဖြစ်ပြီး အမျိုးသား ၁၂၂ ဦးနဲ့ အမျိုးသမီး ကိုးဦးပါဝင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့အခေါက် ပြန်ပို့တဲ့ထဲက တချို့ကို စစ်သားစုဆောင်းခဲ့တာကြောင့် ဒီတစ်ကြိမ်ပြန်ပို့တဲ့သူတွေလည်း စစ်သားစုဆောင်းခံရနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လို့တဲ့ ရနောင်မြို့အခြေစိုက် လူမှုကူညီရေးလုပ်နေသူတစ်ဦးက RFA ကို ပြောပါတယ်။

"ပြီးခဲ့တဲ့တစ်ခေါက်ကတော့ မျက်မြင်သက်သေတွေ၊ ဆွေမျိုးတွေ ပြောပြချက်အရ သိရတာရှိတယ်၊ ကော့သောင်းမြို့အထွက်မှာ လာစစ်ပြီး အဲထဲက အရွယ်ကောင်းတဲ့ အယောက်လေးဆယ်ကို ခေါ်ပြီးတော့ မြိတ်မှာရှိတဲ့ စစ်သားစုဆောင်းရေးကို ပို့လိုက်တယ်လို့ သူတို့ဆွေမျိုးတွေကို အကြောင်းကြားတယ်။ သူတို့ကတစ်ဆင့် ကျွန်တော်တို့ကို အကူညီးတောင်းတယ်၊ ကျွန်တော်တို့လည်း ဘာမှလုပ်မပေးနိုင်ဘူး၊ ပြန်ပို့တဲ့ဟာတွေကို စစ်သားစုဆောင်းရေးထဲထည့်တာ ဒါက ကျိန်းသေမယ်လို့ထင်တယ်၊ အသစ်ပြန်ပို့တာတွေတော့ မသိသေးဘူး။ ဒါပေမဲ့ ကျန်းသေပေါက်ပို့မှာ၊ ဘာဖြစ်လို့လည်းဆိုတော့ ဒါက သူတို့အတွက် သပိတ်ဝင် အိတ်ဝင်ပဲ၊ မြန်မာပြည်ထဲမှာ တရားဝင်နေပြီး ရိုးရိုးလုပ်ကိုင်စားသောက်နေတဲ့လူတွေကိုတောင် အချိန်မရွေး အဖမ်းခံ၊ စုဆောင်းခံနေရတာ၊ ဒီလိုမျိူးပြန်ပို့တဲ့လူတွေကိုတော့ သူတို့သဘောရှိ လုပ်လို့ရပြီလေ"

စစ်ကောင်စီဘက်ကတော့ နေရပ်ပြန်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကို ကိုယ်ရေးအချက်အလက်တွေ ကောက်ယူပြီး သက်ဆိုင်ရာ နေရပ်အသီးသီးကို ပြန်လည်ပို့ဆောင်ပေးသွားမယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီအနေနဲ့ နေရပ်ပြန်လာသူတွေကို စစ်သားစုဆောင်းတာရှိမရှိ သိရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ဆိုခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့မှာ ပို့တဲ့ ၁၅၀ ကျော်ထဲက ၂၃ ယောက်နဲ့ ဩဂုတ်လ ၇ ရက်နေ့မှာ ပို့တဲ့ ၁၂၀ ကျော်ထဲက ၄၈ ယောက်ကို စစ်ကောင်စီတပ်၊ ရဲ နဲ့ လူဝင်မှုကြီးကြပ်ရေးဌာနအဖွဲ့တွေ ပူးပေါင်းပြီး လာရောက်ဖမ်းဆီးခဲ့တာလို့ မြို့ခံတွေက RFA ကို ပြောထားပါတယ်။ ဖမ်းခံရတဲ့သူတွေဟာ အမျိုးသားတွေပဲဖြစ်ပြီး အသက် ၂၀ ကျော် အရွယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းခေါ်ချိန်မှာ ငွေကြေးပေးနိုင်တဲ့လူတွေ လွတ်သလို ဖမ်းသွားပြီးနောက် မိသားစုက ပွဲစားကိုငွေပေးပြီး ပြန်ရွေးခိုင်းရင်လည်း ပြန်လွတ်တယ်လို့ ကိုယ်တွေ့ကြုံရတဲ့ မိသားစုဝင်တွေက RFA ကို ပြောဆိုထားပါတယ်။

နေပြည်တော်က စစ်ကောင်စီ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌရုံးရဲ့ တာဝန်ရှိသူ တစ်ဦးကတော့ အခုလို ဖမ်းဆီးတာနဲ့ပတ်သက်ပြီး ဗဟိုအဖွဲ့က မသိသလို မြို့နယ်တွေအလိုက် အကျုံးဝင်တဲ့လူတွေကိုပဲ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆင့်ခေါ်ဖို့ ညွှန်ကြားထားတယ်လို့ RFA ကို ဖြေဆိုထားပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးတဲ့နောက် သင်တန်းတွေ ဆက်တိုက်ဖွင့်လှစ်ခဲ့ပြီး စက်တင်ဘာလ ၅ ရက်နေ့မှာ အပတ်စဥ် (၅) ကို စတင်ပြီး သင်တန်းပေးနေတယ်လို့ စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်စာမျက်နှာတွေမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။