မြန်မာ ခုနှစ်ဦးနဲ့ စက်လှေနှစ်စီးကို ထိုင်းရေတပ်ဖမ်းဆီး
2025.02.08

ထိုင်းရေပိုင်နက်ထဲ တရားမဝင်ကျူးကျော်ဝင်ရောက်မှုနဲ့ မြန်မာ ခုနစ်ဦးနဲ့ ငါးဖမ်းစက်လှေ နှစ်စီးကို ထိုင်းရေတပ်ဖမ်းဆီးထားတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
ရနောင်းမြို့နယ် ထိုင်းရေပိုင်နက်အတွင်း ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ငါးဖမ်းစက်လှေနှစ်စီးကို ဖေဖော်ဝါရီ ၇ ရက်နေ့ညမှာ ထိုင်းရေတပ်က ဖမ်းမိခဲ့တာလို့ သတင်းမှာ ရေးသားထားပါတယ်။
စက်လှေပေါ်မှာ မြန်မာနိုင်ငံသား ခုနစ်ဦးလိုက်ပါလာပြီး ငါးဖမ်းပစ္စည်းကိရိယာတွေကို မတွေ့ရတာကြောင့် တရားမဝင် ကျူးကျော်ဝင်ရောက်မှုဖြစ်နိုင်ကြောင်း အာဏာပိုင်တွေက သံသယရှိနေကြတယ်လို့လည်း ဆိုပါတယ်။ နောက်ထပ်စက်လှေတစ်စီးမှာတော့ ဒီဇယ်ဆီ ၂ဝဝ လီတာပါတဲ့ တိုင်ကီ ရှစ်လုံး တင်ဆောင်လာတာဖြစ်ပါတယ်။
ခွင့်ပြုချက်မဲ့ ထိုင်းနိုင်ငံတွင်း ဝင်ရောက်တာ၊ စက်သုံးဆီ မှောင်ခိုတင်သွင်းတာ စတဲ့ အချက်တွေနဲ့ ငါးဦးကို ကနဦးအနေနဲ့ စွဲချက်တင်ထားပြီး ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၃ဝ ရက်နေ့ကတော့ ရနောင်းကမ်းလွန်မှာ ထိုင်းငါးဖမ်းလှေတစ်စီးကို မြန်မာရေတပ်က ပစ်ခတ်ဖမ်းဆီးခဲ့တာကြောင့် တစ်ဦးသေဆုံးပြီး ကျန်တဲ့ ရေလုပ်သား မြန်မာ ၂၇ ဦးနဲ့ ထိုင်း လေးဦးတို့ကို ကော့သောင်းမြို့မှာ ဖမ်းဆီးထားဆဲဖြစ်ပါတယ်။