သာကေတမှာ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရပြီး နှစ်ဦးသေ

RFA Burmese
2023.03.18
Share on WhatsApp
Share on WhatsApp
သာကေတမှာ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရပြီး နှစ်ဦးသေ ရန်ကုန်တိုင်း၊ သာကေတမြို့နယ် ရပ်ကွက်တစ်ခုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတစ်ဦးအား ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့က တွေ့ရစဉ်။
RFA

ရန်ကုန်တိုင်း၊ သာကေတမြို့နယ် အမှတ် (၂) ရဲစခန်းအနီးမှာ မတ်လ ၁၇ ရက်က ရဲတပ်ကြပ်နှစ်ဦးနဲ့ ရဲတပ်သားသစ်တစ်ဦးတို့ သေနတ်နဲ့ ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံးကာ တစ်ဦးက ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေ့လယ် ၁ နာရီဝန်းကျင်က အမှတ် (၂) ရဲစခန်းအနီး မိတ္တူဆိုင်မှာရောက်နေတဲ့ ရဲသုံးဦးကို သေနတ်သမားနှစ်ဦးက ဆိုင်ကယ်နဲ့လာပြီး အနီးကပ်ပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဒီနေ့က သွားလို့လာလို့တော့ ရပြီ။ သူတို့က စောင့်ကြပ်နေတာတော့ ရှိတာပေါ့။ စစ်တာဆေးတာတွေလည်း ရှိတယ်။ တော်ရုံ အဲဒီဘက် သိပ်မသွားကြဘူး။ သုံးယောက်မှာ မနေ့က နှစ်ယောက်သေသွားတယ်။ တစ်ယောက်ကလည်း ဒီမနက် ပွဲချင်းပြီးတယ်လို့ ကြားတယ်"

စစ်ကောင်စီတပ်အတွက် ဝါဒဖြန့်ချိရေးလုပ်နေတဲ့ တယ်လီဂရမ်ချန်နယ်အကောင့်တွေ မှာတော့ သာကေတနယ်မြေရဲစခန်းက ရဲတပ်ကြပ် စောလေးဖော၊ ရဲတပ်ကြပ် စိုးဝင်းနိုင်နဲ့ ရဲတပ်သားသစ် အောင်ထက်တို့ဟာ ဧရာဝဏ်လမ်းက မိတ္တူဆိုင်ကိုသွားပြီး လိုအပ်တဲ့ စာရွက်စာတမ်းတွေ ကူးယူနေချိန်မှာ ပစ်ခတ်ခံရတာလို့ ရေးသားထားပါတယ်။

ရဲတပ်ကြပ် စောလေးဖောနဲ့ တပ်သားသစ် အောင်ထက်တို့ ဦးခေါင်းထိမှန်သေဆုံးခဲ့သလို ရဲတပ်ကြပ် စိုးဝင်းနိုင်လည်း ဦးခေါင်းကို ထိမှန်ဒဏ်ရာရရှိထားတယ်လို့ ဆိုပါတယ်။

ဒဏ်ရာပြင်းထန်တဲ့ ရဲတပ်ကြပ်လည်း မတ်လ ၁၈ ရက်မနက်ပိုင်းမှာ သေဆုံးသွားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်မှာပြုလုပ်တဲ့ ကာလုံအစည်းအဝေးမှာ စစ်ကောင်စီ ဥက္ကဋ္ဌက အာဏာသိမ်း ပြီးနောက်ပိုင်း PDF တွေက တိုက်ခိုက်တာကြောင့် အစိုးရ ဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးမှူးတွေ အပါအဝင် စုစုပေါင်း သေဆုံး ၅၄၄၃ ဦးရှိပြီး ဒဏ်ရာရ ၄၅၇၇ ဦး ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။  

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။