ငပလီကမ်းခြေက တပ်ရင်းနှစ်ခုကို AA အပြင်းအထန်ထိုးစစ်ဆင်
2024.07.03
ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီကမ်းခြေမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ အမှတ် - ၅၅ ခြေလျင်တပ်ရင်းနဲ့ အမှတ် - ၅၆၆ ခြေမြန်တပ်ရင်း နှစ်ခုကို ရက္ခိုင့်တပ်တော် (AA) က တစ်ပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ဇူလိုင်လ ၃ ရက်နေ့မှာ ပြောပါတယ်။
ဇူလိုင် ၁ ရက်နေ့ကစလို့ သုံးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း လေကြာင်း၊ ကုန်းကြောင်း၊ ရေကြောင်း ဘက်ပေါင်းစုံသုံးပြီး ပြန်လည်ခုခံနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ငပလီဘက်မှာ တိုက်ပွဲတော်တော် ပြင်းထန်နေတယ်။ အပေါ်က လေယာဉ်နဲ့ပစ်ကူတာတို့ ဒရုန်းနဲ့ လာပစ်တာတို့ ရေတပ်ကန လှန်းပစ်တာတို့ရှိတယ်။ AA ကလည်း အဲဒီတပ်ရင်းနှစ်ခုကို သိမ်းဖို့ကြိုးစားနေတာ”
ငပလီကမ်းခြေက ဟိုတယ်ဇုံ ပတ်ဝန်းကျင်နဲ့ အနီးတစ်၀ိုက်ရွာတွေမှာ နေထိုင်သူတွေကတော့ တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်သွားကြပြီလို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ AA ပြောခွင့်ရသူ ဦးခိုင်သုခနဲ့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းတို့ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ငပလီ ကမ်းခြေအနီးက သံတွဲလေဆိပ်ကိုတော့ ဇွန်လ ၂၂ ရက်နေ့မှာ AA ကတိုက်ခိုက်သိမ်းယူခဲ့ပါတယ်။