တနင်္သာရီ ရေကြီးမှု သေဆုံးသူ ငါးဦးအထိ ရှိလာ
2024.08.04
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်က ရေကြီးရေလျှံမှုတွေအတွင်း ရေနစ်သေဆုံးသူ ငါးဦးအထိ ရှိလာပြီလို့ ဒေသခံတွေက သြဂုတ်လ ၄ ရက်နေ့မှာ ပြောပါတယ်။
သြဂုတ် ၃ ရက် မနေ့ညနေပိုင်းက တနင်္သာရီမြို့ မွန်စုရပ်ကွက်မှာနေထိုင်တဲ့ အသက် ၈၆ နှစ်အရွယ် ဦးဘသောင်း ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၂၉ ရက်နဲ့ ၃၀ ရက်နေ့တွေမှာတော့ တကူတိုက်နယ် ပြည့်အေးရွာက ဒေသခံအမျိုးသားနှစ်ဦး ရေနစ်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒီအပြင် ဇူလိုင် ၂၆ ရက်နေ့ကလည်း အောက်ကင်းရွာက အသက် ၃၃ နှစ်အရွယ် ကိုမောင်ဖြူနဲ့ ဝါသရွာက အသက် ၁၈ အရွယ် အမျိုးသားတစ်ဦးတို့ ရေနစ်သေဆုံးခဲ့တာကြောင့် တနင်္သာရီက ရေကြီးမှုမှာ သေဆုံးသူငါးဦးအထိ ရှိလာတာပါ။
လက်ရှိမှာ ရေပြန်ကျလာပေမဲ့ နေအိမ်တွေ ပြိုကျပျက်စီးတာအပြင် ရေတွင်းတွေ ရေနစ်မြုပ်ခဲ့တာကြောင့် သန့်ရှင်းတဲ့သောက်သုံးရေရဖို့ အခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မြုပ်သွားတဲ့ အိမ်တွေရှိတယ်။ မျောသွားတဲ့ အိမ်တွေရှိတယ်။ အကုန်ပျက်စီးသွားတယ်။ တကူတိုက်နယ်မှာကို ကိုးအိမ်လောက် ရှိတယ်။ ပြီးတော့ ရေတွင်းတွေ မြုပ်သွားလို့ သောက်ရေတွေ အခက်အခဲဖြစ်နေတယ်။ တခြားအခက်အခဲတွေလည်း အများကြီးပဲ”
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ဇူလိုင် လဆန်းပိုင်းကစပြီး နိုင်ငံတစ်ဝန်း ရေကြီးနေတာကြောင့် လူပေါင်း သောင်းနဲ့ချီ ရေဘေးကြုံခဲ့ရပြီး သီးနှံစိုက်ခင်းတွေ ရေမြုပ်တာ၊ နေအိမ်တွေ ရေထဲမျောပါ ပျက်စီးတာနဲ့ လူသေဆုံးတဲ့အထိ ဖြစ်ခဲ့ပါတယ်။