ပုလောမြို့နယ် ဆင်ထိုးကြီးရွာတိုက်ပွဲမှာ အရပ်သားနှစ်ဦး သေဆုံး
2024.08.03
တနင်္သာရီတိုင်း ပုလောမြို့နယ် ဆင်ထိုးကြီးရွာမှာ သြဂုတ်လ ၁ ရက်နေ့က ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီး အရပ်သားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်တာကြောင့် အသက် ၂၄ နှစ်အရွယ် ဆင်ထိုးကြီးရွာခံ ကိုကျော်မင်းစိုး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒီအပြင် တိုက်ပွဲငြိမ်နေချိန် ရွာကိုပြန်လာတဲ့ အသက် ၄၅ နှစ်အရွယ် ဦးလွင်ဇော်ကိုတော့ စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“တစ်ယောက်က လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့တယ်။ နောက်တစ်ယောက်ကျတော့ ပစ်သတ်ခံလိုက်ရတာ။ ဦးလွင်ဇော်က အိမ်မွေးတိရစ္ဆာန်တွေ အစာကျွေးပြီး ထွက်လာတဲ့အချိန်မှာ သူ့ကိုစစ်တပ်က ခေါ်တာပေါ့လေ။ သူက နားလေးနေတယ်။ အဲဒါကို မကြားလို့ဆိုပြီး ပစ်သတ်ခံထိတာ”
တိုက်ပွဲဖြစ်ပြီးနောက် သြဂုတ်လ ၂ ရက်နေ့မှာ စစ်ကောင်စီတပ်က ဆင်ထိုးကြီးရွာက ဒေသခံနှစ်ဆယ်ခန့်ကို ဖမ်းဆီးထားခဲ့ပြီး ညနေပိုင်းမှာတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ သူက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
အိမ်ခြေ ၁၈၀ ကျော်ရှိတဲ့ ဆင်ထိုးကြီးရွာမှာ လူဦးရေ ငါးရာနီးပါးနေထိုင်ပြီး လက်ရှိမှာ လက်နက်ကြီး ပစ်ခတ်မှုတွေရှိနေတာနဲ့ စစ်ရေးအခြေအနေ တင်းမာနေတာကြောင့် ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။