စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ ကျောက်ဆည်နေအိမ် လုံခြုံရေးကို PDF တိုက်ခိုက်
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ ဇာတိဖြစ်တဲ့ မန္တလေးတိုင်း ကျောက်ဆည်မြို့က သူ့ရဲ့ နေအိမ်ကို လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်သားတချို့ကို ဧပြီလ ၂၂ ရက် ဒီနေ့ မနက်ပိုင်းမှာ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင် ကာကွယ်ရေး တပ်ဖွဲ့ K.D.D.F က ထုတ်ပြန်ပါတယ်။
ကျောက်ဆည်မြို့ ဆူးကုန်းရပ်ကွက်က ဦးသန်းရွှေရဲ့ နေအိမ်ရှေ့ ခြံပေါက်ဝမှာ လုံခြုံရေး ယူထားတဲ့ စစ်ကောင်စီတပ်သား သုံးယောက်ကို ဒီနေ့မနက် ၁၁ နာရီခွဲလောက်မှာ ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တာလို့ K.D.D.F တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
"အထိအခိုက် မသိရသေးဘူး။ ဖြစ်ပြီးတာနဲ့ တန်းပြီး လမ်းတွေပိတ်တာ။ စစ်ဆေးတာ တွေ လုပ်နေတယ်။ မြို့အဝင်အထွက်က ဂိတ်တွေပါ စစ်နေတယ်။ ဆိုင်ကယ်တွေလည်း ဆင်းတွန်းပြီး သွားရတယ်"
အခုဖြစ်ရပ်နဲ့ ပတ်သက်လို့ RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီ ဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်လာတာမျိုး မရှိသေးပါဘူး။
ကျောက်ဆည်ခရိုင် ကာကွယ်ရေးတပ်ဖွဲ့နဲ့ တခြားဒေသတွင်း ပူးပေါင်းတပ်ဖွဲ့တွေဟာ ဧပြီလ ၁၉ ရက်နေ့ကလည်း ကျောက်ဆည်မြို့နယ် သံရွာ ရဲစခန်းကို ဗုံးသီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။
ဦးသန်းရွှေဟာ စစ်တပ်က အနားယူကတည်းက သူ့ဇာတိ ကျောက်ဆည်မြို့မှာ မနေဘဲ နေပြည်တော်မှာ နေထိုင်နေတာလည်း ဖြစ်ပါတယ်။