ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ကျန်းမာရေး ပြန်ကောင်းလာ

2021.08.17
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ကျန်းမာရေး ပြန်ကောင်းလာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ကို ၂၀၁၀၊ စက်တင်ဘာ ၈ ရက်နေ့က တွေ့ရစဉ်
Photo: Citizen Journalist

Covid-19 ရောဂါကူးစက်ခံရလို့ ပြီးခဲ့တဲ့ သြဂုတ်လဆန်းကတည်းက နေပြည်တော် သိုက်ချောင်းက တပ်မတော် ကုတင်တစ်ထောင် ဆေးရုံမှာ ဆေးကုသခံယူနေရတဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ ကျန်းမာရေး ပြန်ကောင်းလာပြီး ဆေးရုံကဆင်းရဖို့ နီးပြီလို့ စစ်တပ် အသိုင်းအဝိုင်းကနေ သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေဟာ Covid-19 ရောဂါ ဘယ်လိုကူးစက်ခံခဲ့ရတယ်ဆိုတာ မသိပေမယ့် သူ့အိမ်မှာစောင့်တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ နေအိမ် မီးဖိုချောင်ဝန်ထမ်းတွေကတစ်ဆင့် ကူးစက်ခံရတာဖြစ်နိုင်တယ်လို့ တပ်မတော်အရာရှိဟောင်းတစ်ဦးက သုံးသပ်ပါတယ်။

သြဂုတ်လ ၁၁ ရက်နေ့ရက်စွဲနဲ့ ဒေါ်အောင်ဆန်းစုကြည်က သူ့လက်ရေးမူနဲ့ Covid-19 ကူးစက်ခံရလို့ စစ်ဆေးရုံတက်နေရတဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ထံ စာတစ်စောင် ရေးသားပေးပို့ခဲ့တယ်ဆိုပြီး လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေပေမယ့် RFA က သီးခြားအတည်ပြုလို့ မရသေးပါဘူး။

အသက် ၈၈ နှစ်ရှိပြီဖြစ်တဲ့ ဗိုလ်ချုုပ်မှူးကြီးဟောင်း ဦးသန်းရွှေဟာ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် A1 ဆိုတဲ့ခြံမှာ နေထိုင်နေသူဖြစ်ပြီး၊ အဲဒီခြံဘေးမှာတော့ ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေး၊ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်း၊ ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ တင်အောင်မြင့်ဦး၊ ဗိုလ်ချုပ်ကြီးဟောင်းနဲ့ သမ္မတဟောင်း ဦးသိန်းစိန်နဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးတင်အေးတို့ နေထိုင်ကြပါတယ်။

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ ပုဗ္ဗသီရိမြို့နယ်ထဲက ခြောက်လုံးတန်းအိမ်ရာ A1 နေအိမ်မှာ လူ ဘယ်နှစ်ဦး နေထိုင်သလဲဆိုတာ မသိရပေမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးရာမှာတော့ အဲဒီခြံဝန်းထဲကနေ လူ ၁၆ ဦး ကြိုတင်မဲပေးခဲ့ပါတယ်။

ဦးသန်းရွှေဟာ ၁၉၃၃ ခုနှစ် ကျောက်ဆည်မြို့မှာ မွေးဖွားပြီး ၁၉၅၂ ခုနှစ်မှာ ဗိုလ်လောင်းသင်တန်း အမှတ်စဉ်-၉ ကို တက်ရောက်ခဲ့ပါတယ်။ အဲဒီနောက် ဒု-ဗိုလ်ကနေ အဆင့်ဆင့် တာဝန်ထမ်းဆောင်ပြီး ၁၉၈၈ ခုနှစ်အရောက်မှာတော့ နဝတ ဒုတိယ ဥက္ကဋ္ဌ၊ ၁၉၉၀ မှာတော့ ဗိုလ်ချုပ်ကြီးအဆင့်နဲ့ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်မှာ နဝတ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး တာဝန်တွေကို ပူးတွဲထမ်းဆောင်ခဲ့ပါတယ်။

၁၉၉၃ ခုနှစ်မှာ စစ်ရာထူးခန့်ချုပ်ရုံးက တီထွင်ပေးခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး ဆိုတဲ့ရာထူးကို လက်ခံခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ သူယုံကြည်စိတ်ချရတဲ့သူတွေကို အာဏာလွှဲပေးခဲ့ပြီး အနားယူခဲ့ပါတယ်။ အဲဒီလိုအနားယူတဲ့အချိန်အထိ ဗိုလ်ချုပ်မှူးကြီးဟောင်းဟာ စစ်တပ်အပေါ်မှာ သြဇာရှိနေဆဲဖြစ်ပြီး ကြီးမားတဲ့အရေးကိစ္စတွေအတွက် သူ့ဆီကို စစ်တပ်ခေါင်းဆောင်တွေက လာရောက် အကြံဉာဏ် တောင်းခံလေ့ရှိတယ်လို့ စစ်တပ်အရာရှိတချို့က ပြောပါတယ်။

ပြန်ကြားရေးဝန်ကြီးဟောင်း တပ်မတော် အရာရှိဟောင်းတစ်ဦးဖြစ်သူ ဦးရဲထွဋ် ရေးသားတဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ လက်လွတ်ဆုံးရှုံးခဲ့ရသော အခွင့်အလမ်းများ စာအုပ်မှာလည်း ၂၀၁၅ ခုနှစ် ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ ဦးသိန်းစိန် နဲ့ ဦးရွှေမန်း တို့အကြား အာဏာလွန်ဆွဲပွဲတွေ ဖြစ်လာတဲ့အခါ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေကို ဝင်ရောက်ထိန်းကြောင်းပေးဖို့ တပည့်ဟောင်းတွေက တောင်းဆိုခဲ့ကြပေမယ့် ဗိုလ်ချုပ်မှူးကြီးက လျစ်လျူရှုခဲ့တယ်လို့ ရေးသားထားပါတယ်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အပြတ်အသတ် အနိုင်ရပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ဟာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ တွေ့ဆုံခွင့်ရဖို့ သူရ ဦးရွှေမန်းကို အကူအညီ တောင်းခဲ့ရပါတယ်။ သူရ ဦးရွှေမန်းက ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေဆီ သွားရောက် အကျိုးအကြောင်း ရှင်းပြတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခေါင်းဆောင်အနေနဲ့ အသိအမှတ်ပြုရမှာဖြစ်သလို ၂၀၂၀ မှာ ပြည်သူက ထပ်ပြီးရွေးချယ်ရင်လည်း အသိအမှတ်ပြုရမယ်ဆိုပြီး ပြောဆိုခဲ့တယ်လို့ သူရ ဦးရွှေမန်းရဲ့ သူ၊ ကျွန်တော်နဲ့ မြန်မာ့နိုင်ငံရေး စာအုပ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီက ထပ်မံအနိုင်ရရှိခဲ့ပေမယ့် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ လက်ရင်းတပည့်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ထိပ်ပိုင်းခေါင်းဆောင်တွေကို ဖမ်းဆီးပြီး အာဏာသိမ်းခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ သဘောထားကို မသိရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။