ထန်တလန် နှစ်ရက်တာတိုက်ပွဲအတွင်း နှစ်ဖက် သေဆုံး ဒဏ်ရာရ
2023.08.30

ချင်းပြည်နယ် ထန်တလန်မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီအကြား ဩဂုတ် ၂၇ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ နှစ်ရက်တာတိုက်ပွဲမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၅ ဦးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးခဲ့တယ်လို့ (CDF) TT Chin Defense Force- Thantalang ချင်းကာကွယ်ရေးတပ်ဖွဲ့ (ထန်တလန်) က ဩဂုတ်လ ၃၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅၀ ကျော် ဒဏ်ရာရခဲ့ပြီး လက်နက် ငါးလက်နဲ့ ကျည်ဆန်အချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ပြောပါတယ်။
အဲဒီနှစ်ရက်အတွင်း တိုက်ပွဲမှာ ထန်တလန်မြို့က တပ်ကုန်းနဲ့ အနီးပတ်ဝန်းကျင်မှာ နေရာယူထားတဲ့ စစ်ကောင်စီ စစ်စခန်းငါးခုအပါအဝင် တခြားမြို့တွင်းရှိ တပ်စခန်းငယ် နှစ်ခုနဲ့ ဟားခါးနဲ့ ထန်တလန်မြို့ကြား က Auto Tower တောင်တို့မှာ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
(CDF), ( CNA) Chin National Army, (CDF- Hakha ) Chin Defense Force- Hakha, နဲ့ (CDF-Zophei) Chinland Defense Force- Zophei ပူးပေါင်းတပ်က ထိုးစစ်ဆင်ပြီး တိုက်ပွဲဖြစ်ပွားတာလို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က CDF-TT တပ်ဖွဲ့ဝင် လေးဦး၊ CNA တပ်ဖွဲ့ဝင်ငါးဦး၊ CDF- Zophei တပ်ဖွဲ့ဝင်ငါး ဦးနဲ့ CDF-ဟားခါး တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးတယ်လို့ ပြောပါတယ်။
ဒီ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ထန်တလန်) ကို RFA က ဆက်သွယ်လို့ မရသေးသလို ချင်းပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ဦးကျော်စိုးဝင်းကို ဆက်သွယ်ခဲ့ ပေမယ့် ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။