ထန်တလန် မြို့သိမ်းတိုက်ပွဲမှာ စစ်ဦးစီးချုပ် သေဆုံး
2024.10.13
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့က ပြုလုပ်သည့် ထန်တလန် CDF အပတ်စဥ် (၃) စစ်သင်တန်းဆင်းပွဲတွင် စစ်ဦးစီချုပ် ဆလိုင်း ရမ်ဇဲရ်အား တွေ့ရစဥ်။
ချင်းပြည်နယ်၊ ထန်တလန် မြို့သိမ်းတိုက်ပွဲ ရှေ့တန်းတစ်နေရာမှာ အောက်တိုဘာ ၁၂ ရက်နေ့က ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) ထန်တလန်ရဲ့ စစ်ဦးစီးချုပ် ဆလိုင်းရမ်ဇဲရ် (Ram Zel) သေဆုံးသွားတယ်လို့ CDF ထန်တလန် တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို အတည်ပြုပါတယ်။
Chinland Defence Force - Thantlang (CDF - ထန်တလန်) ရဲ့ စစ်ဦးစီးချုပ် ဆလိုင်းရမ်ဇဲရ်ဟာ အသက် ၃၀ ခန့်ရှိပြီ ဖြစ်ပါတယ်။
ထန်တလန်မြို့ပေါ်က စစ်ကောင်စီ တပ်စွဲထားတဲ့ NLD ရုံးကိုတိုက်ခိုက်ဖို့ ပြင်နေချိန်မှာ စစ်ကောင်စီဘက်က ပစ်ခတ်မှုကြောင့် သေဆုံးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ CDF ထန်တလန် တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ မြို့သိမ်းနိုင်ဖို့ စခန်းက နှစ်ခုပဲ ကျန်တော့တာ၊ NLD ရုံးနဲ့ ရဲစခန်းပဲ ကျန်တာပေါ့။ NLD ရုံးကို ဆက်တိုက်တဲ့အချိန်မှာ ဟိုဘက်က လက်ဦးမှုယူပြီး ပစ်လိုက်လို့ ကျဆုံးသွားရတာ ဖြစ်ပါတယ်။ မြို့သိမ်းတိုက်ပွဲမှာ စစ်ဦးစီးချုပ်က ရှေ့တန်းမှာ ဦးဆောင်တိုက်ခဲ့တယ်။ ကျွန်တော်တို့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးလည်း ဖြစ်ပါတယ်”
စစ်ဦးစီးချုပ် သေဆုံးမှုနဲ့ပတ်သက်လို့ Chinland Defence Force - Thantlang (CDF - ထန်တလန်) ဘက်က တရားဝင် ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
အောက်တိုဘာ ၇ ရက်နေ့ ညနေပိုင်းမှာ ထန်တလန်မြို့ပေါ်က CB ဘဏ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို CDF ထန်တလန် အပါအဝင် ချင်းပြည် တော်လှန်ရေး ပူးပေါင်းတပ်တွေက ပူးပေါင်းသိမ်းပိုက်ခဲ့ပါတယ်။
ထန်တလန်မြို့ကို သိမ်းပိုက်နိုင်ဖို့ ဇူလိုင် ၂၂ ရက်နေ့က စတင်တိုက်ခိုက်နေတာဖြစ်ပြီး စက်တင်ဘာအထိ ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က သေဆုံးသူ ဆယ်ဦးနဲ့ ဒဏ်ရာရသူ သုံးဆယ်ခန့် ရှိနေတယ်လို့ ချင်းအမျိုးသား တပ်မတော် (CNA) ပြောခွင့်ရသူ ဆလိုင်းထက်နီက RFA ကို ပြောထားပါတယ်။









