ထန်တလန်မြို့က တပ်ကုန်းစခန်းကို ချင်းတပ်ဖွဲ့တွေ သိမ်းပိုက်
2024.08.05
ချင်းပြည်နယ်၊ ထန်တလန်မြို့က တပ်ကုန်းစခန်းကို ချင်းလဲန်းကောင်စီ ပူးပေါင်းတပ်တွေက ဩဂုတ် ၅ ရက်နေ့မနက်မှာ သိမ်းပိုက်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်မတော် (CNA) ရဲ့ ပြောခွင့်ရသူ ဆလိုင်းထက်နီက ပြောပါတယ်။
လက်ရှိမှာ ထန်တလန်မြို့တွင်း ကျန်ရှိနေတဲ့ ကင်းစခန်းနှစ်ခုကို ဆက်လက် တိုက်ခိုက်နေတယ်လို့ ဆလိုင်းထက်နီက ပြောပါတယ်။
“ခလရ (၂၆၉) အထိုင် တပ်ကုန်းစခန်းကို ကျွန်တော်တို့ ချင်းပြည်အစိုးရတပ်တွေက သိမ်းပိုက်နိုင်ခဲ့တာပါ။ ဒီနေ့ မနက် ၉ နာရီလောက်မှာ သိမ်းနိုင်ခဲ့တယ်။ လက်နက်တွေလည်း ရပါတယ်။ အသေးစိတ်ကိုတော့ ပြောလို့မရသေးပါဘူး”
အဲဒီတပ်စခန်းမှာ ဟားခါးအခြေစိုက် ခလရ (၂၆၉) နဲ့ တပ်မ (၇၇) တို့က စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့၀င်တွေ ပူးပေါင်းတပ်စွဲထားတာလို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၂၂ ရက်နေ့ကစပြီး ထန်တလန်မြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ရေး ချင်းလဲန်းကောင်စီ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်နေတာလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း ဟားခါး-ထန်တလန်ကြားက စစ်ကောင်စီတပ်စခန်း ခြောက်ခုကို ချင်းလဲန်းကောင်စီ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။