သာယာဝတီထောင်မှာ နိုင်ငံရေးအကျဥ်းသားတစ်ဦး အချိန်မီဆေးကုသခွင့်မရဘဲ သေဆုံး
2024.10.14
ပဲခူးတိုင်း၊ သာယာဝတီ အကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသားတစ်ဦးဟာ အချိန်မီ ဆေးကုသခွင့်မရဘဲ အောက်တိုဘာ ၁၃ ရက်နေ့က သာယာဝတီဆေးရုံမှာ ကွယ်လွန်သွားတယ်လို့ အကျဥ်းထောင်နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
သေဆုံးသူဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁ (ဂ)၊ ၅၀ (ည)နဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား ဦးဌေးအောင်ကျော် ဖြစ်တယ်လို့ဆိုပါတယ်။
ထောင်အာဏာပိုင်တွေဟာ ဦးဌေးအောင်ကျော်ကို နောက်ဆုံးအခြေအနေရောက်မှ ဆေးရုံလွှဲပြောင်းပေးခဲ့တယ်လို့ သာယာဝတီ အကျဥ်းထောင်နဲ့ နီးစပ်သူတစ်ဦးကို RFA ကို ပြောပါတယ်။
“သူက ဘားအံ တောင်ကလေးထောင်ကနေ ကျိုက်မရော၊ ကျိုက်မရောကနေမှ သာယာဝတီ ထောင်ပြောင်းပါသွားတာ။ ဌေးအောင်ကျော်က အရမ်းကျန်းမာတယ်။ သာယာဝတီထောင်ရောက်မှ ရိုက်နှက်ခံရပြီး ခဏ ခဏ တိုက်ပိတ်ခံရတယ်။ အခုက သေခါနီးမှ ဆေးရုံပို့ပေးတာ”
ဦးဌေးအောင်ကျော်ဟာ ကျိုက်မရောထောင်က သာယာဝတီထောင်ကို ထောင်ပြောင်းလာချိန်မှာ ခုနစ်လကျော် တိုက်ပိတ်ခံခဲ့ရတယ်လို့ သူက ပြောပါတယ်။
မကြာခဏတိုက်ပိတ်ခံရတာ၊ ရိုက်နှက်ခံရတာနဲ့ အသည်းရောဂါကို အချိန်မီ ဆေးကုသခွင့် မရတာတွေကြောင့် ကွယ်လွန်သွားတာလို့ အကျဥ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
သူ့ရဲ့ရုပ်အအလောင်းကိုတော့ ဒီနေ့မနက်ပိုင်း ရင်ခွဲရုံက ထုတ်ပေးဖို့ရှိနေတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ နေပြည်တော်က အကျဥ်းဦးစီးဌာနပြောခွင့်ရ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
အာဏာသိမ်းကာလအတွင်း အကျဥ်းထောင်တွင်း အကြောင်းအမျိုးမျိုးနဲ့ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဥ်းသား ၁၀၃ ဦးရှိပြီး အဲဒီအထဲမှာ ဆေးကုသမှု မလုံလောက်တာကြောင့် သေဆုံးရသူက ၆၃ ဦး ပါဝင်တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အောက်တိုဘာ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
AAPP ရဲ့ အောက်တိုဘာ ၁၁ ရက်နေ့အထိ စာရင်းတွေအရ နိုင်ငံတစ်ဝန်းက လူပေါင်း နှစ်သောင်းကျော် (၂၁,၀၄၄ ဦး) ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပြီး အဲဒီအထဲက ကိုးထောင်ကျော် (၉၄၈၄ ဦး) က ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။