စစ်ကောင်စီ ဒုတပ်ရင်းမှူးအပါအဝင် သုံးဦး သေဆုံးတယ်လို့ သထုံ PDF ထုတ်ပြန်

2022.11.10
Share on WhatsApp
Share on WhatsApp
စစ်ကောင်စီ ဒုတပ်ရင်းမှူးအပါအဝင် သုံးဦး သေဆုံးတယ်လို့ သထုံ PDF ထုတ်ပြန် သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။
Photo : Thaton People Defense Force

မွန်ပြည်နယ် သထုံမြို့က အသက် ၆၀ ကျော်အရွယ် ပြည်သူတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင် ဒုတပ်ရင်းမှူး ဗိုလ်မှူး ချစ်ဝင်းသူ ဦးဆောင်တဲ့ အဖွဲ့က နိုဝင်ဘာ ၁ဝရက် မနက်က ဖမ်းဆီးခဲ့တာကြောင့် သထုံ PDF တပ်ဖွဲ့ဝင်တွေက ကယ်ထုတ်ဖို့ ကြားဖြတ်တိုက်ခိုက်ချိန်မှာ ဗိုလ်မှူးချစ်ဝင်းသူ အပါအဝင် သုံးဦး သေဆုံးခဲ့တယ်လို့ သထုံ PDF တာဝန်ခံက RFA ကို ပြောပါတယ်။

ဒေသခံပြည်သူတစ်ဦးကို ဖမ်းဆီးတဲ့ ဗိုလ်မှူးချစ်ဝင်းသူအပါအဝင် ခြောက်ဦးထဲမှာ သုံးဦး သေဆုံးခဲ့ပြီး ကျန်လူတွေက ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သထုံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) တာဝန်ခံက ပြောပါတယ်။

ဗိုလ်မှူးချစ်ဝင်းသူ ပစ်ခတ်ခံရတာ မှန်ကန်ကြောင်း စစ်ကောင်စီရဲ့ မွန်ပြည်နယ်ဆိုင်ရာ ပြောရေးဆိုခွင့် ရှိသူ မွန်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးအောင်ကြည်သိန်းက RFA ကို ပြောပါတယ်။ လက်ရှိ အချိန်မှာ လိုက်လံစုံစမ်းနေကြောင်း သူကပြောပါတယ်။ ဗိုလ်မှူးချစ်ဝင်းသူ အပါအဝင် သုံးဦး သေဆုံးမှု ရှိ၊ မရှိကိုတော့ RFA က အတည်မပြုနိုင်သေးပါဘူး။

သေနတ်အပစ်ခံရသူ ဗိုလ်မှူးချစ်ဝင်းသူဟာ သထုံအခြေစိုက် အမှတ် ၉ လေ့ကျင့်ရေးတပ်မှာ ဒုတပ်ရင်းမှူးအဖြစ် တာဝန် ထမ်းဆောင်နေသူ ဖြစ်ပါတယ်။

ကားပေါ်မှာပါလာတဲ့ လက်နက် သုံးလက်၊ ကျည်အချို့နဲ့ ငွေသား ၂၃ သိန်း သမ်းဆည်းရမိခဲ့တယ်လို့ သထုံ PDF ကပြောပေမယ့် မွန်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးအောင်ကြည်သိန်းကတော့ ဆုံးရှုံးမှု တစ်စုံတစ်ရာ မရှိဘူးလို့ ပြောပါတယ်။

ဗိုလ်မှူး ချစ်ဝင်းသူဟာ ထုံးဘိုလေးကျေးရွာ မီးရှို့မှုမှာ အဓိကပါဝင်သူဖြစ်ပြီး သထုံမြို့တွင်းတက်ကြွလှုပ်ရှား သူတွေကို မတရားဖမ်းဆီးတာတွေ၊ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချတာတွေနဲ့ ကားမှောင်ခိုလုပ်ငန်းတွေကို အဓိကလုပ်ဆောင်နေသူ ဖြစ်တယ်လို့ သထုံ PDF က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။