သာယာဝတီထောင်ကနေ အကျဉ်းသား ၂၀၆ ဦး ပြန်လွတ်
2023.05.03

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီမြို့ အကျဉ်းထောင်ကနေ မေလ ၃ ရက် ဒီကနေ့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းနဲ့ လွတ်မြောက်လာသူတွေထဲမှာ အုတ်ဖိုမြို့နယ် NLD ပါတီ ပြန်ကြားရေးတာဝန်ခံ ကိုတင်ကိုကိုထွဋ်အပါအဝင် ၂၀၆ ဦး ရှိတယ်လို့ ဒေသခံတွေနဲ့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
လွတ်လာသူတွေထဲမှာ အမျိုးသား ၁၃၀ ဦးနဲ့ အမျိုးသမီး ၇၆ ဦးပါဝင်ပြီး ပြန်လွှတ်မပေးခင်ကတည်းက ခံဝန်ကတိ ထိုးခိုင်းခဲ့တယ်လို့ လွတ်မြောက်လာသူတွေနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
"သာယာဝတီထောင်က မ ၇၆ ဦးနဲ့ ကျား ၁၃၀ ဦး လွတ်တယ်။ မလွတ်ခင် သုံးရက်ကတည်းက ထောင်ထဲမှာ ခံဝန်ထိုးခိုင်းတယ်။ ဘာမှ မလုပ်ရဘူး။ ဘယ်မှ မသွားရဘူး။ အိမ်မှာပဲနေရမယ်။ တစ်ခုခုထပ်လုပ်ရင် တစ်မိသားစုလုံး ဖမ်းမယ်တဲ့"
အဲဒီအထဲမှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လုပ်လို့ ပုဒ်မ ၅၀၅-က နဲ့ အကျဉ်းကျနေတဲ့ သာယာဝတီအကျဉ်းထောင်က ထောင်ဆရာဝန် ဒေါက်တာမျိုးဝင်းညွန့်နဲ့ လက်ပံတန်းမြို့က မူလတန်ကျောင်းဆရာ ကိုဇင်ဖြိုးကိုတို့လည်းပါတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ပုဒ်မ ၅၀၅ - က နဲ့ ထောင်ဒဏ်ချမှတ်ခံရသူတွေထဲက ၂၁၅၃ ဦးကို ကဆုန်လပြည့်နေ့ အထိမ်းအမှတ် လူသားချင်းစာနာမှုအရ လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ မေလ ၃ ရက် ဒီနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေလ ၂ ရက်နေ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း ၁၇,၈၉၇ ဦး ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။