သာယာဝတီမြို့နယ်မှာ ဒေသခံ သုံးဦး ပစ်သတ်ခံရ
2023.09.13
ပဲခူးတိုင်း၊ သာယာဝတီမြို့နယ် သာယာအေးရွာနဲ့ ဖားရွှေကျော်ရွာအနီးမှာ စက်တင်ဘာလ ၁၁ ရက်နေ့က အသက် ၂၀ ကျော်နဲ့ ၃၀ ဝန်းကျင်အရွယ် အမျိုးသားသုံးဦး ပစ်သတ်ခံခဲ့ရ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သာယာဝတီမြို့ အခြေစိုက် ခြေလျင်တပ်ရင်း ၃၅ အနီးမှာ သုံးဆယ်မြို့က စံရွေးတန်း ရပ်ကွက် အုပ်ချုပ်ရေးမှူး အသက် ၅၀ အရွယ် ဒေါ်သိမ့်သိမ့်လွင်ကို သာယာဝတီဂဠုန် တပ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်ပြီးနောက် တစ်ရက်အကြာ စက်တင်ဘာ ၁၁ ရက်နေ့ မနက်အစောပိုင်းမှာ ဒေသခံ သုံးဦး ပစ်သတ်ခံခဲ့ရတာလို့ သာယာဝတီ မြို့ပြပြောက်ကျား၊ ဂဠုန်တပ်ဖွဲ့ စစ်ရေးတာဝန်ခံက ပြောပါတယ်။
“ကျွန်တော်တို့ ဒလန်ရှင်းလင်းခဲ့တာက ၁၀ ရက်နေ့ ညနေကပါ။ အဲဒီနောက် ကျွန်တော်တို့အဖွဲ့တွေအားလုံး ဘေးကင်းတယ်။ ကျွန်တော်တို့ လုပ်ခဲ့တာက စစ်တပ်အထိုင်ချထားတဲ့ဘေးဆိုတော့ မမိရင် ဖိအား တွေ ရှိလာပုံရတယ်။ ၁၁ ရက်နေ့ မနက်မှာပဲ ပြည်သူ သုံးယောက်ကို ပစ်သတ်တယ်လို့ ကျွန်တော်တို့ကြားတယ်။ သေချာတာက ဒီသေဆုံးသူတွေသည် PDF တပ်ဖွဲ့ဝင်တွေမဟုတ်ဘဲ အရပ်သားတွေ ဖြစ်ပါတယ်”
စစ်ကောင်စီ ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ သယာအေးရွာနဲ့ ဖားရွှေကျော်ရွာအနီးမှာ မိုင်းထောင်ဖို့လာတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်သုံးဦးကို ပစ်ခတ်ဖမ်းဆီးခဲ့ပြီး ရုပ်အလောင်းတွေနဲ့အတူ လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းနိုင်ခဲ့ တယ်လို့ ဖော်ပြထားကြပါတယ်။
ဒါပေမဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားတဲ့ လက်နက်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်က ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေ ဖမ်းဆီးခံရချိန်က လက်နက် မှတ်တမ်းတွေဖြစ်တယ်လို့လည်း ဂဠုန်တပ်ဖွဲ့ စစ်ရေးတာဝန်ခံက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တရားဝင်သတင်းထုတ်ပြန်ထားတာ မရှိသေး သလို စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ သေဆုံးတဲ့ အရပ်သား ၄၀၇၃ ဦး ရှိလာပြီ ဖြစ်ပါတယ်။