သရက်ချောင်းဒေသခံလေးဦး ဖမ်းဆီးရိုက်နှက်ခံရ တစ်ဦးဒဏ်ရာပြင်းထန်

RFA Burmese
2023.07.25
သရက်ချောင်းဒေသခံလေးဦး ဖမ်းဆီးရိုက်နှက်ခံရ တစ်ဦးဒဏ်ရာပြင်းထန် သရက်ချောင်းမြို့အဝင် တစ်နေရာကို တွေ့ရစဉ်။
Dawei Watch

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ရငဲရွာမှာ ဇူလိုင်လ ၂၁ ရက် မနက်ပိုင်းက ဒေသခံ လေးဦးကို အင်အား နှစ်ဆယ်ခန့်ရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက ဖမ်းဆီး ခေါ်ဆောင်ပြီး ရိုက်နှက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးရိုက်နှက် ခံရသူတွေဟာ လယ်ယာလုပ်ကိုင်ကြတဲ့ ဒေသခံ ဦးသန်းလှ၊ ဦးကျော်ဝင်း၊ ကိုဇေယျာဦးနဲ့ ကိုမဲကျော်တို့ လေးဦးဖြစ်တယ်လို့ ဆိုပါတယ်။

ရွာထဲမှာလယ်လုပ်နေတဲ့အချိန်မှာ စစ်ကောင်စီ စစ်ကြောင်းနဲ့တွေ့ပြီး ဖမ်းဆီးခေါ်ဆောင် ရိုက်နှက်ခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“ရွာသားတွေက သူတို့ဘာသာ လယ်လုပ်နေကြတာ။ သူတို့လာတာနဲ့ သွားတွေ့ပြီးတော့ ဖမ်းသွားတာပေါ့။ သူတို့ အခြေချထားတဲ့နေရာကို မျက်စိပိတ်ပြီးတော့ ခေါ်သွားတာ”

လေးဦးစလုံးကို စစ်ကောင်စီတပ်တွေ အခြေချထားတဲ့ ရငဲရွာထိပ်က တောင်ပေါ်စေတီဆီ ခေါ်ဆောင်သွားပြီး ရိုက်နှက်ပြီးမှ ညနေပိုင်း ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။

အဲဒီအထဲမှာ အသက် ငါးဆယ်ဝန်းကျင် ဦးကျော်ဝင်းကတော့ ဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရငဲရွာထိပ်မှာ တပ်စွဲထားတာ နှစ်လဝန်းကျင်ရှိနေပြီဖြစ်တဲ့ အဲဒီစစ်ကြောင်းဟာ ရငဲရွာနဲ့ အနီးပတ်ဝန်းကျင်က ရွာတွေထဲကို မကြာခဏ ဝင်ရောက်ပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာ၊ ဒေသခံတွေကို ဖမ်းဆီးနှိပ်စက်တာတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

စစ်ကြောင်းရန်ကြောင့် အိမ်ခြေတစ်ထောင်ကျော်ရှိတဲ့ ရငဲရွာအပါအဝင် အနီးပတ်ဝန်းကျင်မှာ ရှိတဲ့ ရွာလေးရွာက ဒေသခံငါးထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတာ နှစ်လနီးပါး ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောရေးဆိုခွင့်ရှိသူ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံမဖြေကြားပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ စာရင်းအရ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ တစ်ဒသမ ရှစ်သန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။