သိန္နီမြို့ အကြိမ်ကြိမ်ဗုံးကြဲခံရလို့ ၁၂ ဦးသေဆုံး

RFA Burmese
2024.07.30
သိန္နီမြို့ အကြိမ်ကြိမ်ဗုံးကြဲခံရလို့ ၁၂ ဦးသေဆုံး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ သိန္နီမြို့မစျေး လေကြောင်းဗုံးကြဲခံရပြီးနောက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ကိုးကန့်တပ်ဖွဲ့ (MNDAA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့ကို ဇူလိုင်လ တစ်လအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ခြောက်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁၂ ဦးသေဆုံးပြီး နောက်ထပ်လူနှစ်ဆယ်ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၂၈ ရက်နေ့ ခြောက်ကြိမ်မြောက် ဗုံးကြဲတိုက်ခိုက်စဥ်မှာတော့ သိန္နီမြို့အထွက် ကွမ်းလုံလမ်းဆုံနေရာက မြေးအဖွားနှစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာခဲ့တယ်လို့ ဆိုပါတယ်။

အခုလို မြို့ပေါ်ကို အကြိမ်ကြိမ် ဗုံးကြဲခံနေရတာကြောင့် မြို့ခံတွေ ဆက်မနေရဲတော့ဘဲ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သိန္နီမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီတစ်လအတွင်းမှာ ခြောက်ကြိမ်ရှိသွားပြီ။ လေယာဥ်နဲ့ လာပစ်တာ။ ပထမဆုံးက ရဲစခန်းနားက မုန့်ဟင်းခါးဆိုင်နားကို လာပစ်တာ။ ဒုတိယအကြိမ်က အထကကျောင်းနဲ့ ပညာရေးမှူးရုံး၊ ပြီးတော့ ကွမ်းလုံလမ်းဆုံ၊ လေးကြိမ်မြောက်က ဈေးမှာ လာကြဲတာ၊ အရပ်သား ဆယ်ယောက်သေတယ်။ ပြီးတော့ သိန္နီ ဟိုတယ်ကို ကြဲတယ်။ အခုနောက်ဆုံးက ကွမ်းလုံလမ်းဆုံကို ပြန်လာကြဲတာ။ ဆိုတော့ လူတွေက မနေရဲကြတော့ဘူးလေ။ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးမြို့တွေကို ရွှေ့ကုန်ကြပြီ”

ကိုးကန့်တပ်ဖွဲ့ (MNDAA) ကလည်း မြို့ခံတွေ လေကြောင်းရန်ကာကွယ်နိုင်တဲ့နေရာတွေမှာ နေထိုင်ကြဖို့ သတိပေးထားတယ်လို့ သူက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့ကတည်းက သိန္နီမြို့ကို MNDAA တပ်ဖွဲ့က သိမ်းပိုက်ထားတာဖြစ်ပါတယ်။ တစ်ကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်လာချိန်မှာတော့ စစ်ကောင်စီတပ်က သိန္နီနဲ့ လောက်ကိုက်မြို့တွေကိုပါ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်လာလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

၁၀၂၇ စစ်ဆင်ရေးနောက်ဆက်တွဲ တစ်လအတွင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်တွေက ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့၊ မန္တလေးတိုင်း စဥ့်ကူးနဲ့ မိုးကုတ်မြို့တွေကို သိမ်းပိုက်ထားပြီး ကိုးကန့်တပ်ဖွဲ့ (MNDAA) က လားရှိုးမြို့ရဲ့ နေရာအများအပြားကို ထိန်းချုပ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။