အလုပ်သမားအရေးဆောင်ရွက်သူကို စစ်ကောင်စီက ထောင်နှစ်နှစ်ချ
2022.12.06

မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsf) အထွေထွေ အတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်ကို စစ်ကောင်စီ တရားရုံးက ဒီဇင်ဘာလ ၅ ရက် မနေ့က ထောင်ဒဏ်နှစ်နှစ်နဲ့ ငွေဒဏ်ကျပ်နှစ်သောင်း ချမှတ်ခဲ့ပါတယ်။
မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇/၁ နဲ့ ကိုသက်နှင်းအောင်ကို မွန်ပြည်နယ်၊ ပေါင်မြို့နယ်တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့တာလို့ ကိုသက်နှင်းအောင်းရဲ့ မိတ်ဆွေတစ်ဦးက RFA ကို ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် MICS-TUsF အဖွဲ့ချုပ်ရုံးခန်းတွေကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့တာကြောင့် ကိုသက်နှင်းအောင် ရှောင်တိမ်းနေခဲ့ရတာပါ။ ၂၀၂၁ ခုနှစ်၊ ဇွန်လမှာတော့ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကိုသက်နှင်းအောင်ကို ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဖမ်းဆီးမိခဲ့ပါတယ်။
အလုပ်သမားအဖွဲ့အစည်းတွေနဲ့ သမဂ္ဂတွေကို ပိတ်ပင်တာဟာ ရွှေ့ပြောင်းလုပ်သားတွေနဲ့ တခြားအလုပ်သမားတွေကို ထောက်ပံ့ကူညီနိုင်ဖို့ တားဆီးရာရောက်တယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ( ILO) က ဒီနှစ် ဩဂုတ်လ ၂၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနကတော့ ILO အဖွဲ့ပြောသလို လက်ရှိ မြန်မာနိုင်ငံမှာ အလုပ်သမားအဖွဲ့အစည်းတွေ လွတ်လွတ်လပ်လပ်ဖွဲ့စည်းခွင့် မရှိဘူးဆိုတာ မမှန်ဘူးလို့ ဒီနှစ်စက်တင်ဘာ ၂ ရက်က ထုတ်ပြန်ငြင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီဇင်ဘာလ ၅ ရက် ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ နယ်ပယ်အသီးသီးက အရပ်သား ၁၃,၀၄၈ ဦး ဖမ်းဆီးခံထားရပါတယ်။