သင်္ကြန်ကာလမှာ လူစုလူဝေးမလုပ်ဖို့ AA သတိပေး

RFA Burmese
2024.04.11
သင်္ကြန်ကာလမှာ လူစုလူဝေးမလုပ်ဖို့ AA သတိပေး ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့တွင် ကျရောက်သည့် သင်္ကြန်အကျနေ့တွင် ရေကစားထွက်ကြသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ဒေသခံများအား တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ်မှာ စစ်ရေးပြင်းထန်နေချိန်ဖြစ်တာကြောင့် သင်္ကြန်ကာလအတွင်း လူစုလူဝေးနဲ့ ပျော်ပွဲရွှင်ပွဲတွေ မလုပ်ကြဖို့ ရက္ခိုင့်တပ်တော် (AA) က ဧပြီလ ၁၁ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။

စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) ကြား နေ့စဉ်ရက်ဆက် တိုက်ပွဲတွေဖြစ်ပွားနေပြီး တစ်ရက်ထက်တစ်ရက်လည်း တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့လည်းဆိုပါတယ်။

AA က စစ်ကောင်စီတပ်စခန်းတွေ သိမ်းဆည်းထားတဲ့ ဒေသတွေသာမက နောက်ထပ်သိမ်းဖို့ ကြိုးပမ်းနေတဲ့ နေရာတွေမှာပါ လူစုလူဝေးလို့ ယူဆရတဲ့နေရာတွေကို စစ်ကောင်စီက နေ့စဉ်လေကြောင်းကနေတိုက်ခိုက်နေသလို လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြို့ပြနဲ့ ကျေးရွာတွေမှာ ကားတွေနဲ့ လှည့်ပြီးရေကစားတာ၊ လူစုလူဝေးနဲ့ သင်္ကြန်မဏ္ဍပ်တွေ၊ ဖျော်ဖြေပွဲတွေပြုလုပ်တာအပြင် ဘုန်းကြီးကျောင်းတွေမှာ လူစုလူဝေးနဲ့ ဥပုသ်သီလဆောက်တည်တာတွေ၊ အလှူအတန်းလုပ်တာတွေ လုံးဝ မလုပ်ဖို့ မေတ္တာရပ်ခံထားပါတယ်။

စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်က စစ်ပွဲနဲ့မသက်ဆိုင်တဲ့ အရပ်သားတွေကို ဦးတည်တိုက်ခိုက်လေ့ရှိတာကြောင့် သင်္ကြန်ကာလမှာ မလိုလားအပ်ဘဲ အရပ်သားတွေ အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးတာတွေကနေ ကြိုတင်ကာကွယ်နိုင်ဖို့အတွက် တိတိကျကျ လိုက်နာဖို့လည်း တိုက်တွန်းထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းမဖြေပါဘူး။

ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့ကစလို့ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်ခဲ့ပြီး ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြေပုံ၊ ရမ်းဗြဲနဲ့ ချင်းပြည်နယ် ပလက်ဝ စတဲ့မြို့နယ်ကိုးခုကို AA က သိမ်းပိုက်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်စစ်ဌာနချုပ်အခြေစိုက်ရာ အမ်းမြို့နယ်နဲ့ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေကိုလည်း AA က ဆက်လက်ပြီး ထိုးစစ်ဆင်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။