စစ်ကောင်စီကိုပိုပြီးဖိအားပေးဖို့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တိုက်တွန်း

RFA Burmese
2023.04.28
စစ်ကောင်စီကိုပိုပြီးဖိအားပေးဖို့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တိုက်တွန်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ ဂျပန်နိုင်ငံရှိ Foreign Correspondents' Club မှာကျင်းပသည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တွေ့ရစဉ်။
KAZUHIRO NOGI / AFP

မြန်မာနိုင်ငံရဲ့အကျပ်အတည်းတွေကို ဖြေရှင်းဖို့ကြိုးစားတဲ့နေရာမှာ ဂျပန်နိုင်ငံအနေနဲ့ ပိုပြီးကြီးမားတဲ့ ခေါင်းဆောင်မှုနေရာကပါဝင်ပြီး၊ စစ်ခေါင်းဆောင်တွေကို တိုးမြှင့် ဖိအားပေးဖို့ ဂျပန်အစိုးရကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးက တိုက်တွန်းလိုက်ပါတယ်။

မစ္စတာ တွမ်အင်ဒရူးက ဂျပန်နိုင်ငံကို ၁၀ ရက်ကြာသွားရောက်တဲ့ ခရီးစဉ်အဆုံးမှာ ကြေညာချက်ထုတ်ပြီး တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအကျပ်အတည်းကို နိုင်ငံတကာက တုံ့ပြန်ဆောင်ရွက်ဖို့ ပျက်ကွက်နေပါတယ်။ ဒီလိုပျက်ကွက်မှုကြောင့် မြန်မာပြည်သူ သန်းပေါင်းများစွာရဲ့ အသက်တွေအတွက် ဘေးအန္တရာယ်ကျနေပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံပြဿနာကို ဖြေရှင်းတဲ့ နေရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်ဖို့လိုတယ်လို့ ယုံကြည်တဲ့အတွက် ကျွန်တော် ဂျပန်နိုင်ငံကို လာခဲ့တာလို့ တွမ်အင်ဒရူးက ကြေညာချက်ထဲမှာ ပြောထားပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေဟာ ကိုယ့်ပြည်သူကိုကိုယ်ပြန်ပြီး တိုက်ခိုက်နိုင်တဲ့အခြေအနေ လျော့ကျသွားစေဖို့ ဂျပန်နိုင်ငံအနေနဲ့ ဒေသတွင်းနဲ့ ကမ္ဘာတစ်ဝန်းက မိတ်ဖက်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ သူကတိုက်တွန်းပါတယ်။

ဂျပန်အစိုးရအနေနဲ့ စစ်ခေါင်းဆောင်တွေကို ပိတ်ဆို့အရေးယူတဲ့နေရာမှာပါဝင်ဖို့၊ မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီတွေ တိုးမြှင့်ပေးဖို့၊ စစ်တပ်ကအရာရှိတွေကို စစ်ရေးသင်တန်းတွေပေးနေတာကိုရပ်တန့်ဖို့၊ စစ်ကောင်စီပြုလုပ်မယ့်ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ ကြေညာချက်ထဲမှာ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် မကြာခင် ဂျပန်နိုင်ငံ ဟီရိုရှီးမားမှာ ပြုလုပ်မယ့် G7 စက်မှုထိပ်သီးနိုင်ငံများ ညီလာခံမှာလည်း မြန်မာနိုင်ငံအရေးကို ဦးစားပေးအဖြစ် ထည့်သွင်းဆွေးနွေးဖို့ မစ္စတာ တွမ်အင်ဒရူးက ဂျပန်ဝန်ကြီးချုပ်ကို တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။