စစ်ကောင်စီရဲ့လှည့်ကွက်ထဲမဝင်ဖို့ နိုင်ငံတကာကို ကုလလူ့အခွင့်အရေးကိုယ်စားလှယ်တိုက်တွန်း

2022.11.21
Share on WhatsApp
Share on WhatsApp
စစ်ကောင်စီရဲ့လှည့်ကွက်ထဲမဝင်ဖို့ နိုင်ငံတကာကို ကုလလူ့အခွင့်အရေးကိုယ်စားလှယ်တိုက်တွန်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကို ၂၀၂၂ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က မလေးရှားနိုင်ငံက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ တွေ့ရစဉ်။
Photo: AFP

နိုင်ငံတစ်ဝန်းအကျဉ်းထောင်တွေကနေ အကျဉ်းသားခြောက်ထောင်လောက်ကို လွှတ်ပေးလိုက်တာဟာ မြန်မာနိုင်ငံမှာ တိုးတက်မှုတွေရှိတယ်ဆိုပြီး နိုင်ငံတကာကိုလှည့်စားဖို့ စစ်ကောင်စီရဲ့ ကြိုးပမ်းတာလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာတွမ်အင်ဒရူးစ်က ဝေဖန်လိုက်ပါတယ်။

မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးအတွက် တောင်ကိုရီးယားနိုင်ငံကို ခြောက်ရက်ကြာသွားရောက်ခဲ့တဲ့ သူ့ရဲ့ခရီးစဉ်အပြီး နိုဝင်ဘာလ ၂၁ ရက်နေ့ ဒီနေ့မနက်မှာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး သူကပြောခဲ့တာပါ။

ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ မစ္စတာအင်ဒရူးစ်က-

“လွှတ်ပေးတာကို ကြိုဆိုရမှာပါ။ ဒါပေမဲ့ နိုင်ငံတကာကို လှည့်စားဖို့ မြန်မာနိုင်ငံမှာ တိုးတက်မှုရှိပါတယ်ဆိုပြီး အပေါ်ယံဖန်တီးပြတဲ့ စစ်ကောင်စီရဲ့ ကြိုးပမ်းချက် တစိတ်တပိုင်းဖြစ်မှာကိုတော့ သတိထားရပါမယ်။ ဒီလို လွှတ်ပေးလိုက်တဲ့အပေါ် နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို ချီးကျုးတာ ဒါမှမဟုတ် အာဏာသိမ်းစစ်တပ်သဘောထားပျော့ပျောင်းလာတဲ့ အထောက်အထားအဖြစ် လက်ခံတာမျိုးမလုပ်သင့်ပါဘူး။”

တချို့သူတွေကို လွှတ်ပေးပြီးမှ ချက်ချင်း ပြန်ဖမ်းလိုက်တာနဲ့ အကျဉ်းသားတွေလွှတ်ပေးပြီး ၂၄ နာရီအတွင်းမှာပဲ ရခိုင်ပြည်နယ်ကရွာတစ်ရွာမှာ လက်နက်ကြီးနဲ့ပစ်လို့ အနည်းဆုံး ၁ဝ ယောက် သေဆုံးသွားတယ်ဆိုတဲ့ သတင်းတွေလည်းရခဲ့တဲ့အကြောင်း သူကပြောပါတယ်။

လာမယ့်နှစ်ထဲမှာ စစ်ကောင်စီက ရွေးကောက်ပွဲလုပ်ဖို့ ကြိုးပမ်းနေတာကိုလည်း လက်ခံနိုင်စရာမရှိတဲ့အဓိပ္ပာယ်မဲ့လုပ်ရပ်လို့ မစ္စတာအင်ဒရူးစ်က ဝေဖန်သွားပါတယ်။

“အတိုက်အခံခေါင်းဆောင်တွေကိုဖမ်းဆီး၊ ထောင်ချ၊ နှိပ်စက်၊ကွပ်မျက်နေတဲ့အချိန်မှာ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲမျိုး မဖြစ်နိုင်ပါဘူး။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း ဒီရွေးကောက်ပွဲကို ထောက်ခံ အားပေးတာမျိုး ဒါမှမဟုတ် အသိအမှတ်ပြုတာလို သူတို့ရဲ့ ထောင်ချောက်ထဲကိုကျလို့ မဖြစ်ဘူး။”

316549341_209238688138754_4400629696160719508_n.jpg
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ တောင်ကိုရီးယားကိုယ်စားလှယ် ဦးရန်နိုင်ထွန်းတို့ တောင်ကိုရီးယားနိုင်ငံမှာ နိုဝင်ဘာလ ၁၆ ရက်နေ့က တွေ့ဆုံကြစဉ်။ (Photo: NUG Representative Office - Republic of Korea)

သူရဲ့ ခရီးစဉ်အတွင်း တောင်ကိုရီးယားအစိုးရ၊ လွှတ်တော်အမတ်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ တောင်ကိုရီးယားကိုယ်စားလှယ်နဲ့ တောင်ကိုရီးယားရောက်မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

“အာဏာသိမ်းစစ်ကောင်စီက စီစဉ်ထားတဲ့ ရွေးကောက်ပွဲတွေဟာ တရားဝင်တယ်လို့ ပြောဆိုတာမှန်သမျှ ပြင်းပြင်းထန်ထန်ရှုတ်ချဖို့၊ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ပစ်မှတ်တွေအပေါ် စီးပွားရေးဒဏ်ခတ်တာတွေလုပ်ဖို့၊ ကိုရီးယားမှာရောက်နေတဲ့ မြန်မာတွေအပေါ် လူသားချင်းစာနာစိတ်နဲ့ ပိုပြီးတော့ နွေးနွေးထွေးထွေး ဆက်ဆံ ပေးဖို့၊ ပြီးတော့မြန်မာ့အိမ်နီးချင်းနိုင်ငံတွေကိုလည်း အခုလိုမျိုးတွေ လုပ်ဖို့တွေ တိုက်တွန်းပေးပါ။” လို့လည်း သူကပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ဝင်ငွေရလမ်းတွေကို ဖြတ်တောက်ဖို့အတွက် စီးပွားရေးပိတ်ဆို့မှုတွေကို လုပ်ဆောင်ပေးဖို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ပူးပေါင်းဖို့ကိုလည်း သူကတိုက်တွန်းခဲ့ပါတယ်။

တောင်ကိုရီးယားအစိုးရထံ မြန်မာနိုင်ငံသားတွေအတွက် တောင်းဆိုရာမှာ ဗီဇာမရှိသူများအပါအဝင် မြန်မာနိုင်ငံသားတွေကို တရားဝင်နေထိုင်ခွင့်ရအောင် စီစဉ်ပေးဖို့၊ ပညာသင်ကျောင်းသား တစ်ထောင်ကျော်အတွက် ပညာသင်ယူခွင့်ကို လူသားချင်းစာနာတဲ့ ဗီဇာမှာ ထည့်သွင်းပေးဖို့ ပြောခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုကို ကန့်ကွက်ခဲ့လို့ ခြိမ်းခြောက်ခံရပြီး တောင်ကိုရီးယားနိုင်ငံကိုရောက်လာသူ တွေကိုကူညီပေးဖို့၊ ပတ်စ်ပို့သက်တမ်းကုန်ဆုံးနေသူတွေကို အမြန်ဆုံးစီစဉ်ပေးဖို့နဲ့ ပတ်စ်ပို့သက်တမ်း ကုန်နေပြီး မြန်မာနိုင်ငံကိုပြန်ဖို့ မဖြစ်နိုင်တဲ့ မြန်မာနိုင်ငံသားတွေကို နိုင်ငံရေး ခိုလှုံခွင့်ပြုဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ မြန်မာ့သမိုင်းမှာ အရေးအကြီးဆုံးအချိန်ဖြစ်နေတဲ့ လက်ရှိကာလမှာ ပြောင်းလဲမှုတွေကို ဖော်ဆောင်ပေးနိုင်တဲ့ အနေအထားမှာရှိနေတဲ့အတွက် တောင်ကိုရီးယားအနေနဲ့ ကြိုးပမ်းဆောင်ရွက်ပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း သူက ထည့်သွင်းပြောခဲ့ပါတယ်။

စစ်ကောင်စီကတော့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်ကို ပြည်ဝင်ခွင့်မပေးဘဲ ပိတ်ပင်ထားပါတယ်။



မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။