တိုင်းရင်းသား မဟာမိတ်တပ်ဖွဲ့တွေ အနိုင်ရနေတယ်လို့ နယူးယောက်တိုင်းမ်ဖော်ပြ
2023.11.12
မြန်မာစစ်ကောင်စီနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကြား လတ်တလောဖြစ်နေတဲ့တိုက်ပွဲတွေအတွင်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေဘက်က အနိုင်ရနေတယ်လို့ နိုဝင်ဘာလ ၁ဝ ရက်နေ့ထုတ် နယူးယောက်တိုင်းမ် သတင်းစာမှာ ဖော်ပြလိုက်ပါတယ်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ပေါင်းတိုက်တဲ့ "၁ဝ၂၇ စစ်ဆင်ရေး" ဟာ အရေးပါတဲ့တိုက်ပွဲတွေမှာ အနိုင်ရပြီး စစ်ကောင်စီရဲ့ မြို့တချို့ကို သိမ်းပိုက်နိုင်တဲ့အထိ အောင်မြင်မှုရနေတယ်လို့ သတင်းမှာ ပါရှိပါတယ်။
ရှမ်းပြည်မြောက်ပိုင်းကစတဲ့ ဒီ "၁ဝ၂၇ စစ်ဆင်ရေး" အောင်မြင်မှုရလာဒ်တွေဟာ နိုင်ငံတဝန်းတခြားဒေသမှာရှိတဲ့ စစ်ကောင်စီဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့တွေကို အားတက်စေခဲ့တယ်၊ ဒါကြောင့် တိုက်ပွဲတွေပေါ်လာပြီး လက်နက်ကိုင်တွေဘက်က နောက်ထပ်မြို့တွေ သိမ်းနိုင်နေတယ်လို့ ဆိုပါတယ်။
ဒီ "၁ဝ၂၇ စစ်ဆင်ရေး" ဟာ စစ်ကောင်စီအတွက် ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပြီး စစ်ကောင်စီ ထိန်းချုပ်ဖို့ ခက်နေပြီဆိုတာ ပြသနေတယ်လို့လည်း နယူးယောက်တိုင်းမ်က ရေးသားပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင်က ရှမ်းပြည်နယ်က မြို့နယ်သုံးမြို့နယ်ကို ဆုံးရှုံးလိုက်ရပြီလို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဝန်ခံပြောဆိုထားပြီး ဒါစစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီဘက်က အဆုံးအရှုံးတွေကို စစ်ခေါင်းဆောင်ကိုယ်တိုင် ပထမဆုံးအကြိမ် ဝန်ခံလာတာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။