ဖားကန့် နန့်တိန်တပ်စခန်းအနီး တိုက်ပွဲအတွင်း ကားသမားသုံးဦး သေဆုံး
2024.02.12
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နန့်တိန်တပ်စခန်းအနီး ဖေဖော်ဝါရီလ ၁၁ နေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေဖမ်းဆီးလာတဲ့ ကားသမားနှစ်ဦးနဲ့ တိုက်ပွဲကြောင့်ရပ်နားနေတဲ့ ကားသမားတစ်ဦး ကျည်ဆန်ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ၂ ရက်က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ PDF ပူးပေါင်းတပ်တွေ သိမ်းယူထားတဲ့ နန့်တိန်တပ်စခန်းကို ဖေဖော်ဝါရီလ ၁၁ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။
သေဆုံးသွားသူတွေဟာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မနက်ပိုင်း စစ်ကြောင်းက ဖမ်းဆီးသွားတဲ့ ဖားကန့်မြို့ခံ ကားသမားနှစ်ဦးနဲ့ တိုက်ပွဲကြောင့် နန့်ယားရွာမှာရပ်နားနေတဲ့ ကားသမားတစ်ဦးဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"နန့်တိန်ရွာအထက် (၆) မိုင်မှာ တိုက်ပွဲဖြစ်နေတယ်။ သေသွားသူနှစ်ယောက်က ဖားကန့်က ပေါ်တာဆွဲခံလိုက်ရတဲ့ ကားသမားနှစ်ယောက်ပေါ့။ တိုက်ပွဲမှာ လက်နက်ထိလို့ သေသွားတယ်။ နောက်တစ်ယောက် တိုက်ပွဲဖြစ်လို့ နန့်ယားရွာမှာ နားနေတဲ့အချိန် လက်နက်ကြီးထိလို့ သေတယ်။ တိုက်ပွဲက မနေ့က မနက်ကတည်းက ပြင်းထန်နေတာ။ လေယာဉ်တွေနဲ့ လာပစ်တာ ဒီနေ့လည်းလာပစ်တယ်"
ဖမ်းဆီးခံရတဲ့ ကားသမား စုစုပေါင်း ဆယ်ယောက်ခန့်ရှိပြီး ကျန်တဲ့သူတွေကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ မနေ့ကတည်းက တိုက်ပွဲဖြစ်နေပြီး ပြည်သူတွေ သေဆုံးတဲ့အခြေအနေကိုတော့ မသိရသေးဘူးလို့ RFA ကို ပြောပါတယ်။
"ကျွန်တော်တို့လည်း စစ်ကြောင်းထိုးတယ်လို့ပဲကြားတယ်။ မနေ့ကတော့ ထိတွေ့ ရင်ဆိုင်တိုက်ပွဲရှိတယ်လို့ ကြားတယ်။ ဒီမနက်လည်း တိုက်ပွဲတော့ ပြန်ဖြစ်တယ်လို့ပြောတယ်။ ကျောက်ဖျာပတ်ဝန်းကျင်မှာ။ လူသားဒိုင်းအဖြစ် ဖမ်းခံရတဲ့ကိစ္စက ကျွန်တော်ကတော့ ဘာမှမကြားသေးဘူး"
ဖားကန့်မြို့နယ် လုံးခင်းရွာခံတစ်ဦးကလည်း ဖားကန့်မြို့အဝင် လယ်ပြင်ရွာနားအထိ တိုက်ပွဲဖြစ်နေပြီး လက်နက်ကြီးအသံနဲ့ သေနတ်သံတွေကို လုံးခင်းရွာကနေကြားနေရတယ်လို့ RFA ကိုပြောပါတယ်။
ဒေသခံတွေသေဆုံးတာနဲ့ တိုက်ပွဲအခြေအနေအပေါ် တိတိကျကျသိရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကိုကို ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
စစ်ကောင်စီတပ်နဲ့ KIA အကြား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း တိုက်ပွဲပေါင်း (၃၅) ကြိမ်ဖြစ်ခဲ့ပြီး ဖားကန့်မြို့အဝင်အထွက်က အရေးပါတဲ့ နန့်တိန်တပ်စခန်းနဲ့ ဝှေခါတပ်စခန်းအပါအ၀င် စခန်းပေါင်း ဆယ်ခုကို သိမ်းယူနိုင်ခဲ့တယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောထားပါတယ်။