မုံရွာ နဂါးတွင်းရွာ လက်နက်ကြီးနဲ့ အပစ်ခံရလို့ သုံးဦး သေဆုံးပြီး ၁၂ ဦးခန့် အဖမ်းခံရ

2022.09.14
မုံရွာ နဂါးတွင်းရွာ လက်နက်ကြီးနဲ့ အပစ်ခံရလို့ သုံးဦး သေဆုံးပြီး ၁၂ ဦးခန့် အဖမ်းခံရ မုံရွာမြို့နယ် နဂါးတွင်းရွာ မီးလောင်နေသည်ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် နဂါးတွင်းရွာကို စစ်ကောင်စီတပ်သားတွေ စက်တင်ဘာလ ၁၄ ရက် ဒီနေ့မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့တာကြောင့် ဒေသခံသုံးဦး သေဆုံးပြီး ၁၂ ဦးခန့် ဖမ်းဆီးခံထားရတယ်လို့ နဂါးတွင်းရွာခံတွေက ပြောပါတယ်။

လက်နက်ကြီးကြောင့် ရွာထဲမှာ နှစ်ဦး ထိမှန်သေဆုံးပြီး ရွာအနီးလမ်းပေါ်မှာ အမျိုးသမီး တစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း ညောင်ဖြူပင်ရဲကင်းစခန်းက ရဲနှစ်ဦး ပစ်သတ်ခံရတဲ့အပေါ် စစ်ကောင်စီ တပ်က အနီးနား ရွာတွေကို နယ်မြေရှင်းလင်းရေး လုပ်နေတာလို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနက်က ရွာနားမရောက်ခင်ကတည်းက လက်နက်ကြီးတွေနဲ့ပစ်တယ်။ ဒေသခံတချို့ ကလည်း မနေ့ကတည်းက ထွက်ပြေးနေကြတယ်။ တချို့ကလည်း ဒီကနေ့မှာ ထွက် ပြေးကြတာ။ အခုထိလည်း ရွာထဲမှာ ရှိနေကြတော့ ဘယ်သူမှ မကပ်ရဲဘူး။ အမျိုးသမီး တစ်ယောက်ဆို လမ်းဘေးမှာသေနေတာ။ ပြေးရင်းလွှားရင်းဆိုတော့ ဘယ်သူလဲဆိုတာ မသိရသေးဘူး။ စိတ်ထဲလည်းမကောင်းဘူး။ ဘာမှလည်း ပြန်မလုပ်နိုင်တော့ ကြည့်နေ ရတယ်"

စစ်ကောင်စီတပ်သားတွေဟာ အိမ်ခြေ ၇၀၀ ဝန်းကျင်ရှိတဲ့ နဂါးတွင်းရွာအပြင် ကပ်လျက် မှာရှိနေတဲ့ ပေါက်ပင်ရွာကိုလည်း ရောက်ရှိနေပြီး နေအိမ်တွေကိုပါ မီးရှို့နေတယ်လို့ ဆိုပါ တယ်။

အဲဒီစစ်ကြောင်းမှာ တောပုရွာက ပျူစောထီးတွေအပါအဝင် စစ်ကောင်စီတပ်သား အင်အား ၁၈၀ လောက်ပါဝင်ပြီး တိုက်ပွဲဖြစ်တာမရှိဘဲ ဝင်ရောက်လာတာလို့ ဒေသခံတွေက ပြောပါ တယ်။

ဒေသခံတွေရဲ့ ပြောဆိုမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေး ပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့က နဂါးတွင်းရွာအနီး ညောင်ဖြူပင်ရဲကင်းစခန်းက ရဲနှစ်ဦး စျေးဝယ်ထွက်လာချိန် ပစ်သတ်ခံခဲ့ရပြီး လက်နက်တွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း (၇) Lightning People Force က အဲဒီနေ့မှာပဲ သတင်းထုတ်ပြန်ထား ပါတယ်။

လက်ရှိ ညောင်ဖြူပင်၊ ကျောင်းစု၊ နဂါးတွင်း၊ ပေါက်ပင်၊ ထနောင်းတော၊ ကျွန်းရွာသစ်၊ ဂျိုးစု၊ ထန်းလေးပင်၊ ဆူးလေကုန်း၊ ကျွန်းကြီး၊ ရတနာပုံကျွန်း၊ ချောင်းကောက် အပါအဝင် ရွာပေါင်း ၁၂ ရွာလောက်က ဒေသခံ ငါးထောင်ကတော့ ဘေးလွတ်ရာကို ထွက်ပြေးနေကြ ရတယ် လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။