အလှမွေးငန်းကို သတ်ဖြတ်စားသောက်တဲ့ အမေရိကန်ရောက်မြန်မာသုံးဦး ဖမ်းဆီးခံရ
2023.06.05

အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်၊ ဆာရာကျုမြို့၊ မန်လီးယက်ရွာက ရေကန်တစ်ကန်မှာ အမြတ်တနိုးမွေးထားတဲ့ ငန်းတစ်ကောင်ကို ဖမ်းဆီးသတ်ဖြတ်ပြီး စားသောက်ခဲ့တဲ့အမှုနဲ့ ပတ်သက်လို့ လူငယ်သုံးယောက်ကို ဌာနေရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
ဒီလူငယ်သုံးယောက်ဟာ မြန်မာနိုင်ငံကနေ ရွှေ့ပြောင်းအခြေချလာတဲ့ ဒုက္ခသည်တွေ ဖြစ်တယ်လို့ အမေရိကန် သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
အသက် ၁၈ နှစ်အရွယ် အီမန်ဟူဆန်၊ အသက် ၁၆ နှစ်နဲ့ ၁၇ နှစ်အရွယ် အထက်တန်းကျောင်းသား နှစ်ယောက်အပါအဝင် စုစုပေါင်း သုံးယောက်ဟာ ပြီးခဲ့တဲ့ စနေညသန်းခေါင်မှာ ခြံခတ်ထားတဲ့ ရေကန်ထဲကို ကျော်ဝင်ပြီး ငန်းမကြီးနဲ့အတူ ငန်းပေါက်လေးကောင်ကို ဖမ်းဆီးယူဆောင်သွားတာလို့ ဆိုပါတယ်။
ငန်းကို ချက်ပြုတ်စားသောက်လိုက်ပြီးနောက် ငန်းပေါက်စ လေးကောင်ကိုတော့ အိမ်မှာသိမ်းထားတယ်လို့ ဆိုပါတယ်။
Faye လို့ နာမည်ပေးထားတဲ့ အဲဒီငန်းကို မန်လီးယက်ရွာလယ်က အလှပြ ရေကန်ငယ်လေးထဲမှာ ဒေသခံတွေက မွေးထားတာ ဆယ်စုနှစ်ကျော်ကြာနေပြီလို့ ဆိုပါတယ်။ မန်လီးယက်ရွာဟာ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာကျော်ကတည်းက ငန်းတွေကို အမြတ်တနိုး အလှမွေးတဲ့ ရွာအဖြစ် ထင်ရှားတဲ့နေရာ ဖြစ်ပါတယ်။
ငန်းတွေကို အမဲလိုက်ပစ်ခတ်တာကို တချို့ပြည်နယ်တွေမှာ တရားဝင် ခွင့်ပြုထားပေမယ့် နယူးယောက်ပြည်နယ်မှာတော့ ခွင့်ပြုမထားပါဘူး။
ဒီငန်း ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ သတင်းကြောင့် ဒေသခံတွေ စိတ်ဆိုးဒေါသထွက်နေကြတယ်လို့ အမေရိကန်သတင်းမီဒီယာ အတော်များများက ဖော်ပြကြပါတယ်။
ဖမ်းဆီးခံရတဲ့ မြန်မာလူငယ်သုံးယောက်ကို ခိုးမှု၊ အကျိုးဖျက်ဆီးမှု၊ ပူးပေါင်းကြံစည်မှု၊ ပိုင်နက်ကျော်နင်းမှုတွေနဲ့ အမှုဖွင့်ထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သူတို့သုံးယောက်ဟာ ပြစ်မှုထင်ရှားရင် ပြည်နှင်ဒဏ်အပေးခံရနိုင်ခြေရှိတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။