အဖမ်းခံရတဲ့ မန္တလေး သပိတ်အဖွဲ့ဝင်အချို့ နှစ်လကျော် အဆက်သွယ်ပြတ်နေ

2022.04.11
Share on WhatsApp
Share on WhatsApp
အဖမ်းခံရတဲ့ မန္တလေး သပိတ်အဖွဲ့ဝင်အချို့ နှစ်လကျော် အဆက်သွယ်ပြတ်နေ ဆန္ဒပြနေသည့် မန္တလေးသပိတ်ခေါင်းဆောင် ကိုသူရအောင် ကို ဖမ်းဆီးမရမီ တွေ့ရစဥ်
Photo: Spring Diary
အဖမ်းခံထားရတဲ့ မန္တလေးသပိတ်ခေါင်းဆောင် ကိုသူရအောင်ဟာ နှစ်လကျော်တဲ့အချိန်အထိ အိုးဘိုထောင်ကို မရောက်လာတာကြောင့် အသက်အန္တရာယ် စိုးရိမ်နေရတဲ့ အခြေအနေဖြစ်နေ တယ်လို့ မန္တလေးသပိတ် အင်အားစုက ပြောပါတယ်။
 
ကိုသူရအောင်ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၉ ရက်နေ့ကတည်းက ဖမ်းဆီးထားပေမယ့် လက်ရှိအချိန်အထိ မိသားစု၊ မိတ်ဆွေ၊ ရှေ့နေတွေနဲ့ အဆက်အသွယ်မရသေးဘူးလို့ မန္တလေး သပိတ်အင်အားစုရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
 
"ကျနော်တို့ သိထားတာတော့ ကိုသူရအောင် စစ်ကြောရေးမှာ အသက်အန္တရာယ် (သို့) ကျဆုံးသွားပြီလို့ သတင်းတွေထွက်လာလို့ အခုလို ထုတ်ပြန်ချက် ထုတ်လိုက်ရတာပါဗျ။ အခြေအနေအသေးစိတ်ကို စုံစမ်းအတည်ပြုပြီးတာနဲ့ ထပ်မံထုတ်ပြန်ပေးပါမယ်ဗျ"
 
ကိုသူရအောင်နဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ ကိုရဲဇင်ထွန်း (ခ) ကိုဖိုးလုံး၊ အလွတ်သတင်းထောက် ကိုစိုးလင်းအောင်နဲ့ ကိုလှမျိုးအောင်တို့ရဲ့ အခြေအနေကိုလည်း မန္တလေးသပိတ်အင်အားစုက ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။
 
အခု ဧပြီလ ၄ ရက်နေ့မှာမှ အဖမ်းခံခဲ့ရတဲ့ မန္တလေးသပိတ်အင်အားစုက ကိုဟိန်းမင်းဇော်၊ ကိုအောင်ဇော်မြင့်၊ ကိုနိုင်လင်းထွန်း၊ မသဲစု၊ ကိုကျော်စိုးမိုး၊ မဂျာဆိုင်းအောင်၊ ကိုကျော်မင်းထွန်း၊ ကိုထက်ကိုနဲ့ မကြယ်စင်လင်းတို့ အထဲက တချို့တွေတောင် မန္တလေးအိုးဘိုထောင်ကို ရောက်ရှိ နေပြီလို့ မန္တလေးသပိတ်အင်အားစုက ပြောပါတယ်။
 
ကိုသူရအောင်အပါအဝင် ဖမ်းဆီးခံထားရသူတွေရဲ့ အခြေအနေအမှန်ကို သိနိုင်ရေး ပါဝင်ကူညီ ပေးဖို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၊ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ ရှေ့နေတွေနဲ့ သံတမန်ကိုပါ မန္တလေးသပိတ်အင်အားစုက တောင်းဆို ထားပါတယ်။
 
စစ်ကောင်စီ တပ်သားတွေဟာ ဖမ်းဆီးထားသူတွေကို သုံးရက်နီးပါး စစ်ကြောရေးမှာ စစ်ဆေး လေ့ရှိပြီး နောက်ပိုင်း အကျဉ်းထောင်ကို ပို့ဆောင်လေ့ရှိတယ်လို့ အဖမ်းခံရဖူးသူတစ်ဦးက RFA ကို ပြောပါတယ်။
ဒါပေမဲ့ နှစ်လကျော်ကြာလာတဲ့ ဒီနေ့အထိ ကိုသူရအောင်အပါအဝင် လေးဦးစလုံးနဲ့ အဆက်သွယ်မရသေးတာ ဖြစ်ပါတယ်။
 
မန္တလေးသပိတ်အင်အားစုက ကိုကျော်သီဟ (မန္တလေး တက္ကသိုလ်) နဲ့ မပိုးပီတီခိုင် (မန္တလာ တက္ကသိုလ်) တို့ကို လည်း ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဩဂုတ်လမှာ စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ပြီး လက်ရှိအချိန်အထိ အဖမ်းခံထားရတဲ့ မန္တလေးသပိတ်အင်အားစုအဖွဲ့ဝင် ၁၅ ဦး ရှိပြီ ဖြစ်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။