တီကျစ်ကျောက်မီးသွေးစက်ရုံနဲ့ ပင်းပက်သံမဏိစက်ရုံကြောင့် ဒေသခံတွေ ကျန်းမာရေးထိခိုက်နေ

2022.10.04
တီကျစ်ကျောက်မီးသွေးစက်ရုံနဲ့ ပင်းပက်သံမဏိစက်ရုံကြောင့် ဒေသခံတွေ ကျန်းမာရေးထိခိုက်နေ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တီကျစ် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံအား မြင်တွေ့ရစဉ်။
Photo: RFA

ရှမ်းပြည်နယ်တောင်ပိုင်း တီကျစ်ကျောက်မီးသွေးစက်ရုံနဲ့ ပင်းပက်သံမဏိစက်ရုံတွေ ကြောင့် ဒေသခံတွေ ကျန်းမာရေးဆိုးရွားစွာ ထိခိုက်ခံစားနေရတယ်လို့ ပအိုဝ်းလူငယ် အစည်းအရုံး (PYO) က အောက်တိုဘာလ ၃ ရက် မနေ့ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒေသခံတွေဟာ မြေယာပြဿနာတွေနဲ့ပါ ရင်ဆိုင်နေကြရတယ်လို့ မနေ့က ထုတ်ပြန်တဲ့ “လွဲမှား နေသောမြေယာ၊ သဘာဝသယံဇာတ စီမံခန့်ခွဲမှုနှင့် ဒေသခံ တောင်သူတို့၏ ဘဝ” အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။

တီကျစ် ကျောက်မီးသွေးစက်ရုံကနေ ထွက်တဲ့ ကျောက်မီးသွေး အမှုန်အမွှားတွေကြောင့် ကိုယ်ဝန်ဆောင် မိခင်တွေ သားပျက်သားလျှောတာအပြင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနဲ့ အရေပြားရောဂါတွေကို အဓိက ခံစားနေကြရတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး ရဲ့ အထွေထွေအတွင်းရေးမှူး နန်းကြည်လေးက ပြောပါတယ်။

ကျောက်မီးသွေးလုပ်ငန်းက စွန့်ပစ်တဲ့ မြေစာပုံတွေနဲ့ စွန့်ပစ်ဓာတုရေတွေကြောင့် မြေယာနဲ့ သဘာဝ ပတ်ဝန်းကျင် ပိုမိုထိခိုက်ပျက်စီးလာနေပြီး ဒေသခံတွေရဲ့ စိုက်ပျိုးမြေတွေပါ ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ ရုရှားနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ နမ့်ဆီးရွာမှာရှိတဲ့ ပင်းပက်သံမဏိစက်ရုံကိုပါ ပြန်လည်ဆောင်ရွက်နေပြီး မြေပြင်မှာ ရထားလမ်းဖောက်လုပ်ရေးလုပ်ငန်းတွေကို လက်ရှိဆောင်ရွက်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီရထားလမ်း စီမံကိန်းအတွက် ဒေသခံတွေရဲ့ မြေ (၂၈) ဧကလည်း ကြိုတင်အကြောင်း ကြားတာ မရှိဘဲ သိမ်းယူခံထားရတယ်လို့ ဆိုပါတယ်။

ရာသီ သီးနှံတွေအတွက်ကိုတော့ တစ်ဧကကို (၁၂) သိန်းနဲ့ တောင်သူ (၇၀) ဦးအတွက် လျော်ကြေးပေးဖို့ စီစဉ်ခဲ့ပေမယ့် အဲဒီအထဲမှာ (၁၇) ဦးက လက်ရှိအချိန်အထိ လျော်ကြေးမရသေး ဘူးလို့ ဖော်ပြထားပါတယ်။

ပင်းပက်သံမဏိစက်ရုံကို ရုရှားနိုင်ငံ Tyazhpromexport TPE ကုမ္ပဏီနဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့က ၂၀၀၄ ခုနှစ်မှာ စတင် အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး လာမယ့်နှစ် မှာ လုပ်ငန်းလည်ပတ်နိုင်ဖို့ ရည်ရွယ်ထားသလို ပြီးခဲ့တဲ့နှစ်မှာလည်း စစ်‌ကောင်စီ ခေါင်းဆောင်ကိုယ်တိုင် ကွင်းဆင်းကြည့်ရှုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပအိုဝ်းလူငယ်အစည်းအရုံးအနေနဲ့ ဒီစက်ရုံတွေကြောင့်ဒေသခံတွေနစ်နာမှုနဲ့ ပတ်သက်လို့ ရှမ်းပြည်တောင်ပိုင်း ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်းနဲ့ တောင်ကြီးမြို့နယ်တွေထံ ကွင်းဆင်း လေ့လာပြီးမှ တွေ့ရှိချက်တွေကို ထုတ်ပြန်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ရှမ်းပြည်နယ် ပြောခွင့်ရသူကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားပါတယ်။

ဒီစီမံကိန်းတွေဟာ စစ်ကောင်စီကို အကျိုးပြုတဲ့ စီမံကိန်းတွေဖြစ်‌ပြီး ဒေသခံတွေကို ထိခိုက် တာနဲ့ မြေယာတွေ သိမ်းဆည်းခံရတာကြောင့် လုပ်ငန်းတွေပိတ်သိမ်းဖို့၊ သိမ်းဆည်းခံထား ရတဲ့ ဒေသခံတွေရဲ့ မြေယာတွေကို ပြန်လည်ပေးအပ်ဖို့နဲ့ အသုံးပြုပြီးမြေယာတွေအတွက် မျှတတဲ့လျော်ကြေးပေးဖို့လည်း ပအိုဝ်းလူငယ်အစည်းအရုံးက ထည့်သွင်းတောင်းဆိုထား ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။