အရှေ့တီမောကို အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ကနဦးသဘောတူ
အရှေ့တီမောနိုင်ငံကို အာဆီယံအသင်းဝင်နိုင်ငံအဖြစ် လက်ခံဖို့ အာဆီယံထိပ်သီးညီလာခံကနေ ကနဦးဆုံးဖြတ်လိုက်ပါတယ်။
လူဦးရေ ၁.၃ သန်းကျော်သာရှိတဲ့ အရှေ့တီမော နိုင်ငံဟာ အာဆီယံရဲ့ ၁၁ နိုင်ငံမြောက် ဖြစ်လာဖို့ရှိပါတယ်။
အရှေ့တီမောနိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၀၂ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံကနေ ခွဲထွက်လွတ်လပ်ရေးရယူခဲ့တာဖြစ်ပါတယ်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ ပြီးခဲ့တဲ့ ၂ဝ၁၁ ခုနှစ်ကတည်းက လျှောက်ထားခဲ့တာပါ။
အရှေ့တီမောနိုင်ငံဟာ မြန်မာ့အရေးနဲ့ ပတ်သက်လို့လည်း မြန်မာပြည်သူတွေဘက်က ရပ်တည်ကြောင်းပြသနေတဲ့ နိုင်ငံဖြစ်ပါတယ်။
မြန်မာနိုင်ငံကပြည်သူတွေကို ယူကရိန်းလို ဘာကြောင့် မကူညီသလဲဆိုပြီး အရှေ့တီမောနိုင်ငံ သမ္မတဟိုဆေးရာမို့စ်ဟော်တာ က ကုလသမဂ္ဂညီလာခံမှာ မေးခွန်းထုတ် ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အင်ဒိုနီးရှား နိုင်ငံခြားရေးရာရပ်ဝန်း FPCI က ကြီးမှူးကျင်းပတဲ့ Global Townhall ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးပွဲမှာ NUG အစိုးရ ဝန်ကြီးတွေကို မိန့်ခွန်းပြောကြားခွင့်ကို ကုလသမဂ္ဂ ထိပ်တန်းအရာရှိတစ်ဦးက ကန့်ကွက်ခဲ့တာနဲ့ ပတ်သက်လို့လည်း သမ္မတဟိုဆေးရာမို့စ်ဟော်တာက အပြင်းအထန်ဝေဖန်ခဲ့ပါတယ်။