မြန်မာ့ရတနာတွေ ရောင်းချမှုရပ်ဆိုင်းကြောင်း ဗြိတိန်ကျောက်မျက်ကုမ္ပဏီ ထုတ်ပြန်
2023.06.07
မြန်မာ့ပတ္တမြားနဲ့ ကျောက်မျက်ရတနာတွေ ရောင်းချနေတာတွေကို ရပ်တန့်လိုက်တယ်ဆိုတဲ့ TJC ကျောက်မျက် ကုမ္ပဏီရဲ့ဆုံးဖြတ်ချက်ကို ကြိုဆိုတယ်လို့ Burma Campaign UK က ဇွန်လ ၇ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
ဗြိတိန်အခြေစိုက် TJC ကုမ္ပဏီဟာ ကျောက်မျက်ရတနာရောင်းဝယ်ရေးနဲ့ အွန်လိုင်းကနေ အရောင်းအဝယ် လုပ်တဲ့ အကြီးမားဆုံးလုပ်ငန်းဖြစ်ပါတယ်။
ဗြိတိန်အခြေစိုက် ရတနာကုမ္ပဏီတွေအနေနဲ့ သူတို့ ရောင်းချနေတဲ့ ကျောက်မျက်ရတနာပစ္စည်းတွေဟာ မြန်မာ စစ်တပ်အတွက် ဝင်ငွေရှာပေးနေတဲ့ မြန်မာနိုင်ငံထွက် ကျောက်မျက်တွေမဟုတ်ကြောင်း သက်သေပြဖို့ ဗြိတိန် နိုင်ငံက အကြီးဆုံး ကျောက်မျက်ရတနာကုမ္ပဏီ ၄၀ ဆီကို Burma Campaign UK အဖွဲ့က မေလ ၃ဝ ရက်နေ့က စာရေးသားတောင်းဆိုခဲ့တာပါ။
အဲဒီနောက် TJC ကုမ္ပဏီက Burma Campaign UK ကို စာရေးအကြောင်းပြန်ခဲ့ရာမှာ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက်၊ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ကုမ္ပဏီက နားလည်သလို လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆန့်ကျင်ရပ်တည်ဖို့ အရေးကြီးတယ်လို့လည်း ခံယူတဲ့အတွက် မြန်မာ့လက်ဝတ်ရတနာပစ္စည်းတွေကို ဝယ်ယူရောင်းချတဲ့စာရင်းက ပယ်ဖျက်ဖို့ အသိစိတ်ရှိရှိ ဆုံးဖြတ်ချက်ချခဲ့တယ်လို့ ရေးသားထားပါတယ်။ သူတို့ရဲ့ အင်တာနက်စာမျက်နှာမှာ ကုမ္ပဏီက ရောင်းချနေတယ်လို့ ဖော်ပြထားတဲ့ မြန်မာ့ပတ္တမြားဆိုတာတွေဟာ စာရင်းမှားယွင်းထည့်သွင်းမိတာသာ ဖြစ်တယ်လို့ ပြန်စာမှာ ပါရှိပါတယ်။
နှစ်စဥ် အမေရိကန်ဒေါ်လာ နှစ်ဘီလီယံ ဝင်ငွေရနေတဲ့ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းကို ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက စစ်တပ်က ထိန်းချုပ်ထားတာဖြစ်ပါတယ်။
မြန်မာစစ်တပ်ဟာ တပ်ပိုင်ကုမ္ပဏီတွေ၊ နိုင်ငံပိုင်လုပ်ငန်းတွေ၊ အစိုးရဝန်ကြီးဌာနတွေအပြင် စစ်တပ်ခေါင်း ဆောင်တွေနဲ့ မိသားစုဝင်တွေပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေကတစ်ဆင့် ကျောက်မျက်ရတနာ ရောင်းချမှုတွေကို တရားဝင်အပြင် တရားမဝင်တဲ့ နည်းလမ်းတွေနဲ့ပါ ထိန်းချုပ်ထားပြီး ကျောက်မျက်လုပ်ငန်းကနေ ပုံစံအမျိုးမျိုးနဲ့ ဝင်ငွေရနေတယ်လို့ Burma Campaign UK အဖွဲ့ရဲ့ မေလ ၃၀ ရက်ထုတ် ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်ဟာ ဒီကျောက်မျက်လုပ်ငန်းကနေ ရတဲ့ဝင်ငွေတွေနဲ့ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူနေနိုင်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက်ကျူးလွန်နေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေနဲ့ပတ်သက်ပြီး Burma Campaign UK ရဲ့ စိုးရိမ်ပူပန်မှုနဲ့ ကျင့်ဝတ်တန်ဖိုးတွေကို နားလည်စွာ မျှဝေခံစားပါတယ်လို့ TJC ကုမ္ပဏီရဲ့ တုံ့ပြန်စာထဲမှာ ရေးသားထားပါတယ်။
TJC ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆန့်ကျင်တဲ့ ရပ်တည်ချက်ရဲ့အရေးပါမှုကို နားလည်ပါတယ်လို့လည်း ဖော်ပြထားပါ တယ်။ ကုမ္ပဏီရဲ့အရောင်းစာရင်းမှာ မြန်မာ့ရတနာတွေကို မှားယွင်းစာရင်းသွင်းမိတာကို သိသိချင်းပဲ စာရင်းကနေ ပယ်ဖျက်ပြီး အရောင်းအဝယ် ရပ်ခဲ့ကြောင်းနဲ့ အဲဒီလိုအမှားမျိုး နောက်ထပ်မဖြစ်ပွားရအောင် ဂရုစိုက်ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
‘အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေကို မဝယ်ယူဖို့နဲ့ ပြန်မရောင်းချဖို့ TJC ကုမ္ပဏီက ဆုံးဖြတ်ခဲ့တာ အံ့သြစရာပါပဲ” လို့ Burma Campaign UK ရဲ့ ဒါရိုက်တာ Mark Farmaner က ပြောပါတယ်။ TJC ရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ ရပ်တည်ချက်ဟာ ချီးကျူးထိုက်သလို အခြား ဗြိတိသျှ လက်ဝတ်ရတနာ လက်လီရောင်းချသူတွေအနေနဲ့လည်း အလားတူဆုံးဖြတ်လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း Mark Farmaner က ဖြည့်စွက်ပြောကြားပါတယ်။