တော်လှန်ရေးအင်အားစုတွေ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဟန့်တားဖို့ TNLA တိုက်တွန်း
2023.01.12
၂၀၂၃ ခုနှစ်ပြုလုပ်မယ့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုတွေအနေနဲ့ ထိထိ ရောက်ရောက်ဟန့်တားကြဖို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက တိုက်တွန်းလိုက်ပါတယ်။
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ တအာင်းအမျိုးသား တော်လှန်ရေးနေ့ နှစ် ၆၀ ပြည့် အခမ်းအနားမှာ တိုက်တွန်းပြောကြားခဲ့တာပါ။
အခုတစ်ကြိမ် စစ်အာဏာသိမ်းမှုမှာ တိုင်းရင်းသားပြည်သူတွေအားလုံးဟာ စစ်အာဏာရှင်လက်အောက်က လွတ်မြောက်အောင် ကြိုးပမ်းအားထုတ်နေတာကို မြင်တွေ့ရပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေး အချိန်အခါကောင်း ရောက်နေပြီဖြစ်တဲ့အတွက် တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဟန်ချက်ညီညီနဲ့ ဆက်လက် ဝိုင်းဝန်းကြိုးပမ်းကြဖို့ TNLA ဥက္ကဋ္ဌက တိုက်တွန်းပြောဆိုလိုက်ပါတယ်။
နိုင်ငံပဋိပက္ခအတွင်း ခုခံတော်လှန်နေတဲ့ တော်လှန်ရေးအင်အားစုတွေအချင်းချင်း တော်လှန်ရေးသစ္စာရှိရှိ၊ အပြန်အလှန်လေးစားမှု ကူညီပံ့ပိုးမှုတွေနဲ့ အာဏာသိမ်းစစ်တပ်ကို လက်တွေ့ကျတဲ့ နည်းဗျူဟာတွေနဲ့ တိုက်ခိုက်ရမှာ ဖြစ်ကြောင်း ပြောပါတယ်။
စစ်ကောင်စီရဲ့ လမ်းကြောင်းကိုကာကွယ်ဖို့ လေကြောင်းကင်းထောက်နဲ့ လေကြောင်းကာကွယ်ရေး အချက်ပြ နည်းတွေကို ကြိုတင်ပြင်ဆင်လေ့ကျင့်ဖို့ လိုအပ်ကြောင်းလည်း ထည့်သွင်းပြောခဲ့ပါတယ်။
PSLF/ TNLA ဥက္ကဋ္ဌရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရရှိဖို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုမှု မရှိပါဘူး။
TNLA ဟာ ပြည်ထောင်စုငြိမ်းချမ်းရေး သဘောတူညီမှုစာချုပ် NCA မှာ လက်မှတ်ရေးထိုးမထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး UWSA ဦးဆောင်တဲ့ FPNCC မှာ အဖွဲ့ဝင်ဖြစ်ပေမယ့် အာဏာသိမ်းစစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမှု မလုပ်တဲ့ အဖွဲ့ဖြစ်ပါတယ်။
ဒါ့အပြင် ရခိုင့်တပ်တော် AA၊ ကိုးကန့်တပ်ဖွဲ့ MNDAA စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ အဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။
တအာင်းတော်လှန်ရေး တပ်ဖွဲ့ကို ၁၉၆၃ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့မှာ စတင်တည်ထောင်ခဲ့ပြီး ၁၉၉၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှာ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးအဖြစ် ဖွဲ့စည်းခဲ့ပြီး တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ကို ၂၀၀၉ ခုနှစ် အောက်တိုဘာမှာ ဖွဲ့စည်း ထူထောင်ခဲ့တာ ဖြစ်ပါတယ်။