တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် တွေ့ဆုံဆွေးနွေးမယ်လို့ TNLA ပြော
2024.11.25
နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ တိုက်ပွဲရပ်စဲရေးအတွက် တရုတ်အစိုးရရဲ့ကြိုးပမ်းမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိနေတယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က နိုဝင်ဘာ ၂၅ ရက် ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ရေးပဋိပက္ခ အဆုံးသတ်ပြီး တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံရေးအခြေအနေ တည်ဆောက်ဖို့အတွက် တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်မှုကို TNLA ဘက်က အပြုသဘောရှုမြင်ပြီး ကောင်းမွန်တဲ့ အခြေအနေရောက်တဲ့အထိ ဆက်လက် ပူးပေါင်းဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့၊ ရွာတွေကို စစ်ကောင်စီတပ် ကင်းစင်အောင် ဆောင်ရွက်နိုင်ခဲ့ပေမဲ့ လေကြောင်းက တန်ပြန်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်ခံစားခဲ့ရပါတယ်။
ဒါ့ကြောင့် စစ်ဘေးဒဏ်ခံနေရတဲ့ ပြည်သူတွေကို ထောက်ထားတဲ့အနေနဲ့ မိမိကိုယ်ကို ခုခံကာကွယ်ခွင့်ကိုကိုင်စွဲပြီး တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိနေတယ်လို့ TNLA ကပြောပါတယ်။
TNLA အနေနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနဲ့ အတူတကွတည်ဆောက်ဖို့ အမြဲကြိုးပမ်းဆောင်ရွက်နေတယ်လည်း ဆိုပါတယ်။
စစ်ကောင်စီနဲ့ ဘယ်လိုပုံစံ တွေ့ဆုံဆွေးနွေးမလဲဆိုတာ အသေးစိတ်သိရဖို့ TNLA ပြောခွင့်ရသူကို RFA က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
တရုတ်အခြေစိုက် မြန်မာ့အရေး ကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောကတော့ စစ်တပ်ကလည်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်နေတဲ့အပေါ် TNLA အနေနဲ့ သူ့အဖွဲ့ရဲ့ ရပ်တည်ချက်ကို ဖော်ပြတဲ့သဘောဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“ကြည့်ရတာ တရုတ်က နှစ်ဖက်လုံးကို ဖိအားပေးထားတဲ့ပုံ ရပါတယ်။ TNLA ကလည်း သူ့ဒေသ၊ အရပ်သားတွေ ထိခိုက်မှုအတွက် ထည့်စဥ်းစားတာလည်း ပါတယ်။ နောက်ပြီး စစ်ခေါင်းဆောင်ကလည်း ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ထားတဲ့အပေါ်မှာ ပြန်တုံ့ပြန်တဲ့သဘောလို့ပဲ ပြောလို့ရပါတယ်”
အခုနှစ် စက်တင်ဘာလထဲမှာပဲ ကိုးကန့်တပ်မတော် (MNDAA) ကလည်း မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို တရုတ်က ကြားဝင်စေ့စပ် ဖြေရှင်းပေးဖို့ တောင်းဆိုထားပါတယ်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်ကစခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှာ ဟိုင်ဂင် သဘောတူညီချက်နဲ့ တိုက်ပွဲတွေ ရပ်တန့်သွားပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ဇွန်လ ၂၅ ရက်နေ့ကစလို့ ဟိုင်ဂင် သဘောတူညီချက် ပျက်ပြယ်ပြီး တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာခဲ့တာပါ။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ကွတ်ခိုင်မြို့ အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းတို့က မြို့ပေါင်း ၁၂ မြို့ကို TNLA က သိမ်းပိုက်ထားပါတယ်။