TNLA နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲဆက်တိုက်ပြင်းထန်နေ

RFA Burmese
2023.09.19
TNLA နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲဆက်တိုက်ပြင်းထန်နေ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်အချို့အား ရှမ်းပြည်နယ်တစ်နေရာမှာ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) လှုပ်ရှားနေတဲ့ မိုးကုတ်၊မူဆယ်နဲ့ ကွတ်ခိုင် သုံးမြို့နယ်မှာ စစ်ကောင်စီနဲ့ TNLA တို့ကြား တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေပါတယ်။

စက်တင်ဘာလ ၁၉ ရက် မနေ့ကတစ်ရက်တည်းမှာတင် တိုက်ပွဲခုနစ်ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေပြင်းထန်နေတာလို့ TNLA ဘက်က ထုတ်ပြန်ပါတယ်။

မိုးကုတ်မြို့နယ် ဖြူရောင်ရွာအနီးရှိ စစ်ကောင်စီတပ်စခန်း၊ အောက်ညောင်ကုန်းနဲ့ ကုန်းစံရွာအနီးရှိ စစ်ကောင်စီတပ်စခန်း သုံးခုလုံးကို TNLA ဘက်က တန်ပြန်ထိုးစစ်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်တာတွေရှိသလို၊ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ်လို့ TNLA က ပြောပါတယ်။ စစ်ကောင်စီဘက်ကိုတော့ မေးမြန်းလို့ မရသေးပါဘူး။

စစ်ကောင်စီဟာ လွယ်ကျလော့၊ ၁၀၅ မိုင်နဲ့ နမ့်ဖက်ကာ စတဲ့တပ်စခန်းတွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီးရသလို အရပ်သားသေဆုံးတာတွေရှိနေတယ်လို့လည်း TNLA ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

စက်တင်ဘာ ၁၉ ရက်နေ့က တိုက်ပွဲတွေကြောင့် မိုးကုတ်မြိုနယ်မှာ စစ်ဘေးဒုက္ခသည် ၄၀၀ ကျော်နဲ့ မူဆယ်မြို့နယ်မှာ လူ ၄၀၀ လောက် နီးစပ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ TNLA တပ်ဖွဲ့ကြား ဒီနှစ် ဇူလိုင်လ ၂၃ ရက်ကနေ စက်တင်ဘာလ ၁၉ ရက်နေ့အထိ တိုက်ပွဲ ၅၂ ကြိမ်အထိ ဖြစ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။