မူဆယ်မှာ TNLA နဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ်

RFA Burmese
2023.07.29
မူဆယ်မှာ TNLA နဲ့ စစ်ကောင်စီ တိုက်ပွဲဖြစ် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်များကို တွေ့ရစဥ်။
RFA

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မန်ကန်ကျေးရွာအနီးမှာရှိတဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်စခန်းကို စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေပါတဲ့ စစ်ကြောင်းက ဇူလိုင်လ ၂၉ ရက်နေ့မှာ ထိုးစစ်ဆင်တာကြောင့် တိုက်ပွဲဖြစ်ခဲ့တယ်လို့ TNLA တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"စစ်ကောင်စီတပ်နဲ့ နမ့်ခမ်း မြို့မပြည်သူစစ်အဖွဲ့တို့ ပူးပေါင်းပြီး TNLA တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ၊ မနက် ဆယ်နာရီကနေ ညနေသုံးနာရီခွဲကျော်အထိ ဖြစ်ခဲ့တာ၊ စစ်ကောင်ဘက်က ခလရ ၂၆၁ နဲ့ ပြည့်သူစစ်အင်အား တစ်ရာနီးပါး ပါတယ်"

မူဆယ် ၁ဝ၅ မိုင်မှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ နမ့်ဖတ်ကာ အခြေစိုက်တပ်ကနေ လက်နက်ကြီးနဲ့ အကြိမ် ၂ဝကျော် ပစ်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးတဲ့အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ လူနေအိမ်တချို့ ပျက်စီးခဲ့တယ်လို့လည်း ပြောပါတယ်။

ဒီတိုက်ပွဲမှာ TNLA ဘက်က ထိခိုက်ဒဏ်ရာရတာမရှိသလို စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာရှိမရှိ မသိရသေးဘူးလို့လည်း ပြောပါတယ်။

တိုက်ပွဲ ဖြစ်နေတဲ့ အနီးနားကကျေးရွာတွေပေါ်မှာ စစ်ကောင်စီဘက်က စစ်ရဟတ်ယာဉ်တစ်စီးနဲ့ မကြာခဏ ပျံဝဲနေတာ မြင်ရကြောင်းနဲ့ ညပိုင်းအထိ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ကြားနေရတယ်လို့ မူဆယ်ဒေသခံတစ်ဦးက ပြောပါတယ်။

ဇူလိုင်လ ၂၈ ရက်နေ့ကလည်း လားရှိုးမြို့နယ် အီနိုင်းကျေးရွာအနီးမှာရှိတဲ့ TNLA တပ်စခန်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် တပ်သား ငါးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီတိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိမ်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။