TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့က ယာယီဈေး ဗုံးကြဲတိုက်ခိုက်ခံရ
2024.08.16
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအာင်းတပ်မတော် (TNLA) သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့ပေါ်က ယာယီစျေးကို ဩဂုတ်လ ၁၅ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နောင်ချိုမြို့ခံတွေက RFA ကို ပြောပါတယ်။
နောင်ချိုမြို့ပေါ် က ဈေးရပ်ကွက်နဲ့ ဘူတာရပ်ကွက်ကြားမှာ ယာယီဖွင့်ထားတဲ့ ဈေးကို ပေါင်ငါးရာ ပြင်းအားရှိတဲ့ ဗုံးတစ်လုံးကြဲခဲ့ပေမဲ့ မပေါက်ကွဲခဲ့တာကြောင့် လူထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောင်ချိုမြို့ခံတစ်ဦးကတော့ ဗုံးကြဲချပြီးနောက် ယာယီဈေးကို ခေတ္တပိတ်ထား တယ်လို့ RFA ကို ပြောပါတယ်။
"မြို့မဈေးကြီးကို ဗုံးကြဲခံရမှာစိုးလို့၊ ယာယီဈေး ဖွင့်ပြီး ရောင်းနေတာဗျ။ အဲဒါကို ယာယီဈေးကို လာကြဲသွားတာ။ မပေါက်ကွဲလို့ပေါ့ ပေါက်ကွဲရင်တော့ လူတွေသေကြမှာဗျ"
ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
နောင်ချိုမြို့နယ်ထဲမှာ တအာင်းတပ်မတော် (TNLA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး တောင်ခမ်းရွာအနီးက ခြေမြန်တပ်ရင်း ခမရ - ၃၀၂ အပါအဝင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နဲ့ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်လက်အောက်ခံ စစ်ကောင်စီ တပ်ရင်းတွေနဲ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ TNLA သတင်းနဲ့ ပြန်ကြားရေးက ဩဂုတ်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလ ဇူလိုင်လ ၁၀ ရက်နေ့က နောင်ချိုမြို့ကို တအာင်းတပ်မတော် (TNLA)နဲ့ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းယူထားပါတယ်။