နောင်ချိုမြို့ကို TNLA သိမ်းပိုက်ထိန်းချုပ်

RFA Burmese
2024.07.10
နောင်ချိုမြို့ကို TNLA သိမ်းပိုက်ထိန်းချုပ် တအောင်းအမျိုးသားတပ်မတော် (TNLA) တပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်။
Telegram/ PSLF/TNLA News

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့မှာ နောက်ဆုံးကျန်ရှိနေတဲ့ စစ်ကောင်စီရဲ့ အမှတ် (၆၀၆) ဒုံးတပ်ရင်းကို ဇူလိုင်လ ၁၀ ရက်နေ့မှာ သိမ်းပိုက်လိုက်ပြီးနောက် တစ်မြို့လုံးကို ထိန်းချုပ်ထားတယ်လို့ တအောင်းအမျိုးသားတပ်မတော် (TNLA) က RFA ကို ဇူလိုင်လ ၁၀ ရက်နေ့ ညနေက ပြောပါတယ်။

အဲဒီဒုံးတပ်ရင်းကို ဒီနေ့ မွန်းလွဲပိုင်း သိမ်းပိုက်နိုင်ခဲ့တာလို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက RFA ကို ပြောပါတယ်။

“နောင်ချိုမှာ ရှိတဲ့ စစ်ကောင်စီတပ်ရဲ့ (၆၀၆) ဒုံးတပ်ရင်းကို ကျွန်မတို့ ဒီနေ့လယ် သုံးနာရီဝန်းကျင်မှာ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်”

စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်း သိမ်းဆည်းရမိတဲ့ အခြေအနေ အသေးစိတ်ကို လတ်တလော မသိရသေးဘူးလို့ သူက ပြောပါတယ်။

ဒုံးတပ်ရင်းကို တိုက်ခိုက်နေချိန်အတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်းနဲ့ အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့သလို အဆိပ်ဗုံးတွေနဲ့လည်း တိုက်ခိုက်ခဲ့တယ်လို့ TNLA က ဇူလိုင်လ ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အဆိပ်ဗုံးတွေနဲ့ တိုက်ခိုက်တယ်ဆိုတဲ့အချက်နဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

နောင်ချိုမြို့က တိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ MNDAA နဲ့ TNLA တို့ရဲ့ တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ သူတို့အနေနဲ့ မြို့ရွာတွေ၊ အရပ်သားပြည်သူတွေ ဘေးကင်းလုံခြုံစေရေးအတွက် အထူးအလေးထားပြီး ဆောင်ရွက်သွားမယ်လို့ ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေကနေတစ်ဆင့် ပြောဆိုထားပါတယ်။

နောင်ချိုမြို့နယ်အတွင်းက စစ်ကောင်စီ တပ်စခန်းတွေကို TNLA နဲ့ ပူးပေါင်းအဖွဲ့က ဇွန်လ ၂၅ ရက်နေ့ကတည်းက ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး နှစ်ပတ်အတွင်းမှာ စစ်ကောင်စီရဲ့ တပ်စခန်း ၁၂ ခုနဲ့ မြို့ကိုပါ သိမ်းယူလာနိုင်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။