စစ်ဆင်ရေးကာလအတွင်း နေအိမ်ပျက်စီးခဲ့သူတွေကို TNLA ထောက်ပံ့
2024.03.22
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်းမြို့နယ်နဲ့ ကျောက်မဲ မြို့နယ် မိုင်းငေါ့မြို့နယ်ခွဲအတွင်းမှာ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ပျက်စီးခဲ့တဲ့နေအိမ် လေးရာကျော် (၄၂၁လုံး) အတွက် ကျပ်သိန်းပေါင်း လေးထောင်ကျော် ထောက်ပံ့ခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပြောခွင့်ရသူ လွေးယေဦးက ပြောပါတယ်။
“နေအိမ်ပျက်စီးသွားတဲ့သူတွေ၊ အဆောက်အအုံ ပျက်စီးသွားတဲ့သူတွေကို ပြန်လည်ထူထောင်ရေးအနေနဲ့ ထောက်ပံ့ပေးတာပါ။ ပျက်စီးသွားတဲ့ အခြေအနေအလိုက် အဆင့်သတ်မှတ်ပြီးတော့ ထောက်ပံ့ပေးသွားမှာ ဖြစ်တယ်”
TNLA တပ်ဖွဲ့ရဲ့ ရန်ပုံငွေနဲ့ စေတနာရှင်တွေ လှူဒါန်းတဲ့ငွေတွေကို စုပေါင်းပြီး ထောက်ပံ့ပေးတာဖြစ်တယ်လို့ဆိုပါတယ်။
ထောက်ပံ့ငွေတွေကို သက်ဆိုင်ရာမြို့နယ် အလိုက်ဖွဲ့ထားတဲ့ တာဝန်ရှိသူတွေကတစ်ဆင့် မတ်လ ၂၂ ရက်နေ့မှာ စတင်ပေးအပ်နေပြီလို့ လွေးယေဦးက ပြောပါတယ်။
တိုက်ပွဲအတွင်း ထိခိုက်သေဆုံးသွားသူတွေရဲ့ မိသားစုတွေကိုလည်း ထပ်မံထောက်ပံ့နိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်းTNLA တပ်ဖွဲ့က နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်းမြို့နယ်နဲ့ ကျောက်မဲမြို့နယ်အတွင်းက မိုင်းလုံ၊ မိုင်းငေါ့မြို့တွေကို သိမ်းပိုက်ထားပါတယ်။
သိန္နီ၊ ကွမ်လုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကြူကုတ်(ပန်ဆိုင်း)၊ ကုန်းကြမ်း၊ မုံးကိုး စတဲ့မြို့တွေကိုတော့ ကိုးကန့်တပ်မတော် (MNDAA) က သိမ်းပိုက်ခဲ့ပြီး ဟိုပန်မြို့နယ်နဲ့ ပန်လုံမြို့ကို UWSA "ဝ" တပ်ဖွဲ့က ရရှိခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းက (၁၄) မြို့နယ်မှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ၁၅၀ နီးပါး သေဆုံးခဲ့ရတယ်လို့ ရှမ်းပြည်အခြေစိုက် အရပ်ဘက်အဖွဲ့တွေရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။