တွန်းဇံမြို့နယ်တွင်း CDM လုပ်ဖို့ ပူးပေါင်းလာသူ တစ်ရာနီးပါးရှိ
2024.11.30
ချင်းပြည်ကောင်စီအဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့မှာ တစ်နှစ်အတွင်း စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတစ်ရာနီးပါး အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ဖို့ ပူးပေါင်းလာတယ်လို့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ CDM ကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။
တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ CDM ကော်မတီ ဥက္ကဋ္ဌ ဦးအဲလက်စ်ထန်ဘွဲက “ပညာရေး၊ ကျန်းမာရေး၊ ထွေအုပ်၊ စာရင်းစစ်၊ ရဲ အစုံပါပဲ။ ကျွန်တော်တို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ CDM ကော်မတီကို ဆက်သွယ်ပူးပေါင်းလာကြတာပါ။ တချို့ကိုတော့ လွတ်မြောက်နယ်မြေတွေကို ပို့ဆောင်ပေးတာရှိပါတယ်” လို့ ပြောပါတယ်။
CDM လှုပ်ရှားမှုမှာပါဝင်လာသူတွေထဲက ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေက ဝန်ထမ်းတချို့ကတော့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လုပ်ငန်းတွေမှာ ပူးပေါင်းလုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။ CDM လုပ်ဖို့ ဆက်သွယ်လာသူ တစ်ရာနီးပါးထဲမှာ အယောက် ၃ဝ ကိုတော့ ခံဝန်လက်မှတ်နဲ့ လက်ခံခဲ့ပေမဲ့ ကျန်တဲ့ အယောက် ၇ဝ လျှောက်ထားလာတာကိုတော့ စိစစ်နေဆဲပဲလို့ ဦးအဲလက်စ်ထန်ဘွဲက ပြောပါတယ်။
တွန်းဇံမြို့နယ်မှာ CDM မလုပ်ထားတဲ့ စစ်ကောင်စီဝန်ထမ်းတွေ ကျန်နေသေးတာကြောင့် အမြန်ဆုံး ပြည်သူ့ဘက်ကူးပြောင်းဖို့ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းထားပါတယ်။ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ လက်နက်ခဲယမ်းတွေနဲ့အတူ ပူးပေါင်းလာမယ်ဆိုရင် ဆုငွေတွေ ပေးအပ်သွားမယ်လို့ နိုဝင်ဘာ ၁၉ ရက်နေ့က ကြေညာထားပါတယ်။
တွန်းဇံမြို့နယ်က စစ်ကောင်စီ ဝန်ထမ်းတွေ အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က ဆယ်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
တွန်းဇံမြို့နယ်ကို မေလ ၂၃ ရက်နေ့မှာ ချင်းပြည်ကောင်စီအဖွဲ့ဝင် ချင်းလက်နက်ကိုင်အဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်လိုက်တာဖြစ်ပါတယ်။