ကချင်ဘာသာရေးခေါင်းဆောင် ၂ဦးအမှု ရုပ်သိမ်းပေးဖို့ တောင်းဆို
2017.10.27
ရှမ်းပြည်နယ် လားရှိုးခရိုင်တရားရုံးကနေ နှစ်ရှည်ထောင်ဒဏ်တွေ ဒီကနေ့ ချမှတ်ခံလိုက်ရတဲ့ ကချင် ဘာသာရေးခေါင်းဆောင် ၂ ဦး အပေါ် တရားစွဲဆိုထားတဲ့အမှုတွေ ပြန်ရုပ်သိမ်းပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တွေဖြစ်တဲ့ HRW နဲ့ Fortify Rights အဖွဲ့တွေက ကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုလိုက်ကြ ပါတယ်။
သူတို့နှစ်ဦးဟာ စစ်တပ်က ကျူးလွန်တဲ့ ရာဇဝတ်မှုခင်းတွေကို ဖော်ထုတ်ပြောဆိုမိတဲ့အတွက် တရားစွဲဆိုခံရ တာဖြစ်ပြီး၊ ချုပ်နှောင်ထိန်းသိမ်းမှု မခံထိုက်သူတွေဖြစ်တယ်လို့ ကြေညာချက်မှာ ရေးသားထားပါတယ်။
မြန်မာအစိုးရအနေနဲ့ ပြစ်မှုကျူးလွန်တဲ့ တပ်မတော်သားတွေကိုပဲ အရေးယူသင့်ပြီး၊ ပြစ်မှုကျူးလွန်မှုတွေကို ထုတ်ဖော်ပြောကြားသူတွေကို အရေးမယူသင့်ဘူးလို့ HRW အဖွဲ့က ပြောပါတယ်။ မြန်မာစစ်တပ်ဟာ တရားရင်ဆိုင်ရမှာ စိုးရိမ်ပူပန်မှုမရှိပဲ တိုင်းရင်းသား လူနည်းစုတွေအပေါ် ဆယ်စုနှစ်ပေါင်းများစွာ အခွင့်အရေး ချိုးဖောက်နေခဲ့တယ်လို့လည်း HRW အဖွဲ့က ဆိုပါတယ်။
မုံးကိုးမြို့နယ်က နှစ်ခြင်းခရစ်ယာန်အသင်း ဥက္ကဌ ဦးဒီဒီနောင်လတ်နဲ့ သင်းအုပ်ဆရာ ဦးလမ်ဂျော်ဂမ်ဆိုင်း တို့ကို မတရားအသင်း ဆက်သွယ်မှုနဲ့ တပ်မတော်က တရားစွဲဆိုပြီး လားရှိုးမြို့နယ်တရားရုံးက နှစ်ရှည် ထောင်ဒဏ်တွေ ဒီကနေ့ ချမှတ်လိုက်တာဖြစ်ပါတယ်။
ဒီအတောအတွင်း ရန်ကုန်မြို့ အမေရိကန်သံရုံးကလည်း သူတို့နှစ်ဦးကို တပ်မတော်က ဖမ်းဆီးပြီး တစ်လကြာ ဘယ်သူနဲ့မှ တွေ့ခွင့်မရပဲ ထိန်းသိမ်းခံရကြောင်း၊ သတင်းစာဆရာတွေကို ကူညီခဲ့တဲ့အတွက် သူတို့ကို ပစ်မှတ်ထား တဲ့အပေါ် စိုးရိမ်ကြောင်း၊ သူတို့ကို ထိန်းသိမ်းထားစဉ် ညှဉ်းပန်းခံရတယ်ဆိုတဲ့ စွပ်စွဲချက်တွေပေါ်မှာလည်း စိုးရိမ်မကင်းဖြစ်ရကြောင်း၊ နိုင်ငံသားတွေကို တရားမဲ့ ဖမ်းဆီးနိုင်တဲ့ မတရားအသင်းဆက်သွယ်မှု ဥပဒေနဲ့ တခြားသော ဥပဒေတွေကို သုံးစွဲခြင်းကို ရပ်ဆိုင်းပါရန် ပန်ကြားလိုကြောင်း ဒီကနေ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ပြောကြားလိုက်ပါတယ်။