ကယား၊ ကချင်နဲ့ ပဲခူးတိုင်း စစ်ကောင်စီတပ်စခန်းလေးခု သိမ်းယူခံရ
2023.09.02

ကယားပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ပဲခူးတိုင်းတွေအတွင်း စက်တင်ဘာလ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာ စစ်ကောင်စီရဲ့ တပ်စခန်းလေးခုကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက သိမ်းယူခဲ့တယ်လို့ တိုက်ပွဲအတွင်း ပါဝင်နေသူတွေက ပြောပါတယ်။
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် သေးဆူလဲစခန်း၊ ပူဖားရွာ စခန်း၊ ကချင်ပြည်နယ် ရွှေကူမြို့နယ် ကျောက်ကြီးရွာ စခန်းနဲ့ ပဲခူးတိုင်း ညောင်လေးပင်ခရိုင် မုန်းမြို့က သစ်ချဆိပ် စခန်းတွေ သိမ်းယူခံလိုက်ရတာပါ။
သေးဆူလဲရွာနဲ့ ပူဖားရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနှစ်ခုကိုတော့ ဒီနေ့ စက်တင်ဘာလ ၂ ရက် မနက် ၅ နာရီဝန်းကျင်မှာ ဒေသ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းယူခဲ့တာလို့ ကရင်နီတပ်မတော် (KA) ရဲ့ စစ်ရေးချုပ် ဗိုလ်မှူးဘုန်းနိုင်က RFA ကို ပြောပါတယ်။
"မနက် ၅ နာရီမှာ စတယ်။ တိုက်ပွဲက ၁ နာရီကျော်ကျော်တော့ ကြာပါတယ်။ သေးဆူလဲရွာထဲမှာကို သူတို့ မြေကြီးတူးပြီး တပ်စွဲနေတယ်လေ။ ပူဖားက မြောက်ဘက်၊ သေးဆူလဲက တောင်ဘက်။ အရေးပါတဲ့နေရာလို့ ပြောလို့ရပါတယ်။ လွိုင်ကော်ဘက်ကို ဝင်ဖို့ လမ်းကြောင်းတွေရှိတယ်လေ"
ဒီတိုက်ပွဲအတွင်းမှာ ကယားပြည်နယ်အတွင်းက ပူးပေါင်းတပ်ဖွဲ့တွေဘက်က တစ်ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်လုပ်ဆောင်ခဲ့တယ်လို့ သူက ပြောပါတယ်။
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ကျောက်ကြီးရွာ ရဲစခန်းကို မြို့လှ PDF က စက်တင်ဘာလ ၁ ရက်မှာ သိမ်းယူခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီစခန်းဟာ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ခလရ ၇၇ တပ်စွဲထားတဲ့ စခန်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ငါးဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ပဲခူးတိုင်း ညောင်လေးပင်ခရိုင် မုန်းမြို့က သစ်ချဆိပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေက စက်တင်ဘာလ ၁ ရက်နေ့ ညနေ ၅ နာရီခွဲမှာ သိမ်းယူနိုင်ခဲ့တယ်လို့ ဒီကနေ့ ထုတ်ပြန်ပါတယ်။
တပ်စခန်းတွေ သိမ်းယူခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ပဲခူးတိုင်း ပြောခွင့်ရသူတွေဆီ RFA က ဒီကနေ့ ဖုန်းနဲ့ဆက်သွယ်ခဲ့ ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ အခု တပ်စခန်းသိမ်းယူခံရတဲ့ ကချင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ပဲခူးတိုင်း အပါအဝင် တိုင်းနဲ့ပြည်နယ် ရှစ်ခုမှာ တိုက်ခိုက်မှုတွေရှိနေတယ်လို့ ဝန်ခံပြောဆိုထားပါတယ်။