ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် ပါတီလုပ်ငန်းများ ပြန်လုပ်မည်
2024.08.31
လားရှိုးထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ဟာ ပါတီတာဝန်တွေကို ပြန်လည်ထမ်းဆောင်တော့မဲ့အကြောင်း ဩဂုတ်လ ၃၁ ရက်နေ့မှာ ပြောပါတယ်။
ဒီနေ့ပြုလုပ်တဲ့ NLD ပါတီ ဒုတိယဗဟိုကော်မတီ ကြားကာလ စတုတ္ထအအကြိမ်မြောက် အစည်းအဝေး မစခင် အွန်လိုင်းကတစ်ဆင့် ပါတီဝင်တွေနဲ့ တွေ့ဆုံပြီး ပြောဆိုခဲ့တာလို့ NLD ပါတီ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦးက RFA ကိုပြောပါတယ်။
"ပါတီကနေ တာဝန်ပေးအပ်မယ်ဆိုရင် သူပါတီတာဝန်တွေ ထမ်းဆောင်ဖို့ အသင့်ရှိတယ်ဆိုတာ သူဖွင့်ပြောခဲ့တာ ဖြစ်ပါတယ်။ ပါတီခေါင်းဆောင်တွေ ပါတီတာဝန်ကို ထမ်းဆောင်မယ်ဆိုတာ ဝမ်းသာစရာပဲ။ သူကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့ သုံးနှစ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အချိန်ကာလတွေမှာ သတင်းပြတ်လပ်မှုတွေက ရှိခဲ့တာကိုး။ လက်ရှိ မြန်မာ့နိုင်ငံရေးကိုလည်း လေ့လာနေတယ်ဆိုတဲ့အကြောင်းနဲ့ ပါတီတာဝန်တွေ ပြန်ထမ်းဆောင်မယ်ဆိုတဲ့အကြောင်းကိုလည်း သူပြောပါတယ်"
ဦးထွန်းထွန်းဟိန် ကျန်းမာရေးကောင်းမွန်တယ်လို့လည်း သူကဆိုပါတယ်။
အသက် ၇၅ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဦးထွန်းထွန်းဟိန်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင် ရထားပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်တပ်အာဏာမသိမ်းခဲ့ဘူးဆိုရင် သူဟာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာမဲ့သူလို့ NLD ပါတီ ထိပ်တန်းခေါင်းဆောင်ပိုင်းအကြား ပြောဆိုမှုတွေ ရှိခဲ့တာပါ။
ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ဦးထွန်းထွန်းဟိန် အပါအဝင် နိုင်ငံတစ်ဝန်းက NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အားလုံးနီးပါး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။
စစ်ကောင်စီက ဦးထွန်းထွန်းဟိန်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ နေပြည်တော် နေအိမ်အကျယ်ချုပ်ကနေ သူ့ရဲ့ဇာတိ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကို ပြန်ခွင့်ပြုခဲ့တာပါ။
သုံးရက်အကြာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာတော့ ရဲနဲ့ စစ်တပ်က ဦးထွန်းထွန်းဟိန်ကို ဖမ်းဆီးပြီးနောက် ပုဒ်မအမျိုးမျိုးနဲ့ ထောင်ဒဏ် ၃၃ နှစ်အထိ ချမှတ်ထားပြီး လားရှိုးအကျဉ်းထောင်မှာ အကျဉ်းချထားခဲ့တာပါ။
လားရှိုးမြို့မှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA) တို့ တိုက်ပွဲတွေ ပြင်းထန်နေချိန် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့မှာ အကျဉ်းထောင်ပွင့်သွားပြီး ဦးထွန်းထွန်းဟိန် အပါအဝင် တခြား နိုင်ငံရေးအကျဉ်းသားတွေလည်း ပြန်လည်လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။