ပဲခူးတိုင်း NLD လ.ဝ.က ဝန်ကြီး ဦးထွန်းထွန်းဦး ထောင်ခြောက်နှစ်ချခံရ
2023.06.22

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ပဲခူးတိုင်းအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းထွန်းဦးကို ပဲခူးတိုင်း ပေါင်းတည်အကျဉ်းထောင်တွင်း တရားရုံးကနေ ဇွန်လ ၂၁ ရက် မနေ့က ထောင်ခြောက်နှစ် ချမှတ်လိုက်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အမှုနှစ်ခုအတွက် တစ်မှုကို သုံးနှစ်စီချမှတ်ပြီး သီးခြားစီ ကျခံစေတာကြောင့် ထောင်ခြောက်နှစ်ကျခံရမှာဖြစ်ပြီး ပေါင်းတည်ထောင်တွင်းမှာ တခြားအကျဉ်းသားတွေနဲ့ အတူမထားဘဲ သီးခြားထားရှိတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်တဲ့ ပေါင်းတည်မြို့ခံတစ်ဦးက ပြောပါတယ်။
“သူကျန်းမာရေး ကောင်းတယ်။ ကျဆောင်တွေမှာ မထားဘဲ တခြားလူတွေနဲ့ အဆက်အသွယ်မရှိအောင် သီးခြားထားတယ်လို့ သိရတယ်။ သူက နှစ်ခါအဖမ်းခံရတာ ဒုတိယတစ်ကြိမ် ဖမ်းခံရတာမှာ အခုလို့ ထောင်ချခံရတာ”
၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က ဦးထွန်းထွန်းဦးရဲ့ သမီးဖြစ်သူကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီးနောက် ဖခင်ဖြစ်သူကို သမီးနဲ့လဲလှယ် အဖမ်းခံဖို့ အကျပ်ကိုင်တာကြောင့် ဦးထွန်းထွန်းဦးကိုယ်တိုင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့မှာ ပထမကြိမ် သွားရောက်အဖမ်းခံခဲ့တာလို့ သူက ဆိုပါတယ်။
အဲဒီတစ်ကြိမ်တုန်းက နှစ်ဦးစလုံးကို စစ်ကောင်စီတပ်က ပြန်လွှတ်ပေးခဲ့ပေမယ့် ၂၀၂၃ ခုနှစ် မေလအတွင်း ပေါင်းတည်မြို့ကို ခဏပြန်လာချိန် ဦးထွန်းထွန်းဦး ဒုတိယတစ်ကြိမ် ထပ်မံဖမ်းဆီးခံရပြီး ပေါင်းတည်အကျဉ်းထောင်မှာ ထိမ်းသိမ်းခံခဲ့ရတာပါ။
ဦးထွန်းထွန်းဦးဟာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ ပေါင်းတည်မြို့ အမှတ် (၂) မဲဆန္ဒနယ် တိုင်းလွှတ်တော် ကိုယ်စားလှယ်အဖြစ် NLD ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ပဲခူးတိုင်း အစိုးရအဖွဲ့ လ.ဝ.က ဝန်ကြီးဖြစ်လာသူပါ။
၂၀၂၀ ရွေးကောက်ပွဲမှာလည်း NLD ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပေါင်းတည် မဲဆန္ဒနယ်ကပဲ ထပ်မံအနိုင်ရခဲ့သူ ဖြစ်ပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီက ထောက်ခံမှု ၈၂.၄ ရာခိုင်နှုန်းနဲ့ အနိုင်ရရှိခဲ့ပေမယ့် မဲမသမာမှုတွေရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်တပ်က အဲဒီရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပြီး အာဏာသိမ်းခဲ့ပါတယ်။
NLD ပါတီရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်း နှစ်နှစ်အတွင်းမှာ ဖမ်းဆီးခံခဲ့ရတဲ့ လွှတ်တော် ကိုယ်စားလှယ် ၁၃၂ ဦး ရှိပြီး အဲဒီအထဲက ၇၇ ဦးဟာ အကျဉ်းထောင်အသီးသီးမှာ ဆက်လက်ဖမ်းဆီး ခံထားရဆဲဖြစ်ပါတယ်။