ကလေးမြို့နယ်မှာ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး နှစ်ဦး အသတ်ခံရ
စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ စက်တင်ဘာ ၈ ရက်နေ့ညက စစ်ကောင်စီကခန့်ထားတဲ့ အသက် ၄၀ ကျော်အရွယ် ပျဉ်းခုံကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကပ်မှုံနဲ့ အသက် ၄၆ နှစ်အရွယ် မော်စီကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်လင်းတို့ နှစ်ဦး သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။
ပျဉ်းခုံကြီးကျေးရွာမှာ စက်တင်ဘာလ ၈ ရက်နေ့ညက သေနတ်ပစ်ခတ်သံအချို့ ထွက်ပေါ်လာပြီးနောက် မနက်ပိုင်းမှာ အုပ်ချုပ်ရေးမှူး ဦးကပ်မှုံဟာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို မြင်တွေ့ခဲ့ကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပျဉ်းခုံးကြီးကျေးရွာသူ တစ်ဦးက ပြောပါတယ်။
"ကျွန်မတို့လည်း ညကိုးနာခွဲလောက်မှာ သေနတ်သံကြားတယ်။ ဘယ်သူမှလည်း အပြင်မထွက်ရဲဘူး။ ရုတ်တရက်ကြီးဖြစ်သွားတော့ အံ့သြနေတာ"
အလားတူ မော်စီကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်လင်းဟာလည်း စက်တင်ဘာလ ၈ ရက်နေ့ည ရှစ်နာရီ မိနစ်နှစ်ဆယ်ခန့်မှာ သေနတ်ပစ်ခတ်သံ လေးချက်ထွက်ပေါ်လာပြီးနောက် မနက်ပိုင်းမှာ သေနတ်ဒဏ်ရာတွေ နဲ့ သေဆုံးနေတာကို တွေ့ခဲ့ကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မော်စီကျေးရွာသား တစ်ဦးက ပြောပါတယ်။
သတ်ဖြတ်ခံရတဲ့ ပျဉ်းခုံးကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကပ်မှုံဟာ တာဝန်ထမ်းဆောင်တာ အချိန်နှစ်ပတ်ခန့် သာ ရှိသေးသလို မော်စီကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်လင်းဟာလည်း တာဝန်ထမ်းဆောင်တာ တစ်လ ခန့်သာရှိသေးတယ်လို့ ဒေသခံ ကျေးရွာသားတွေက ပြောပါတယ်။
ဒေသခံကျေးရွာသားတွေကတော့ သူတို့နှစ်ဦးဟာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူး တာဝန်ကို ထမ်းဆောင်ပြီး စစ်ကောင်စီကို သတင်းပေးနေတာကြောင့် သတ်ဖြတ်ခံရတာ ဖြစ်နိုင်ကြောင်း ပြောဆိုနေကြ ပါတယ်။
ဒါပေမဲ့ အဲဒီအုပ်ချုပ်ရေးမှူး နှစ်ဦး ဘာကြောင့်သတ်ဖြတ်ခံရတယ်ဆိုတာနဲ့ ဘယ်သူတွေက သတ်ဖြတ်တယ် ဆိုတာကိုတော့ RFA က အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကလေးမြို့နယ်မှာ ရပ်ကျေးရွာအုပ်ချုပ်ရေးမှူးတွေ သတ်ဖြတ်ခံရ တာဟာ အခုဆိုရင် လေးဦးထက်မနည်းရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီကတော့ အုပ်ချုပ်ရေးယန္တရားပျက်ပြားစေဖို့အတွက် PDF အဖွဲ့တွေက ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကို သတ်ဖြတ်နေကြတာလို့ မကြာခဏ စွပ်စွဲပြောဆိုထားပါတယ်။