ပုဏ္ဏားကျွန်းမြို့နယ်မှာ လက်နက်ကြီးကြောင့် အရပ်သားနှစ်ဦးဒဏ်ရာပြင်းထန်
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ နိုဝင်ဘာ ၁၀ ရက်နေ့ ဒီနေ့ မနက်ပိုင်းက ရိက္ခာတွေ တင်ဆောင်လာတဲ့ စစ်ကောင်စီတပ်ကားနှစ်စီးကို ရက္ခိုင့်တပ်တော် (AA) က ကြားဖြတ် တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် ဒေသခံနှစ်ဦး လက်နက်ကြီးကျစထိမှန်ပြီး ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ ဒေသခံ တွေက RFA ကို ပြောပါတယ်။
ဒဏ်ရာရသူတွေဟာ အိုင်ဒင်ကျေးရွာက အသက် ၁၅ နှစ်ရွယ် မောင်စိုးဝင်းဦးနဲ့ အသက် ၅၀ အရွယ် ဒေါ်မနုချေတို့ဖြစ်တယ်လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်က ကားလမ်းကိုပိတ်ထားတဲ့အတွက် လူနာတွေ ကို ဆေးရုံပို့ဖို့ အခက်အခဲဖြစ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျေးရွာသား တစ်ဦးက RFA ကို ပြောပါတယ်။
“မနက် မိုးလင်းကတည်းက ၅၅၀ တပ်ရင်းကရော၊ ပါဒလိတ်တပ်ရင်းကရော၊ လေယာဉ် ကရော လက်နက်ကြီးတွေနဲ့ပစ်နေတာ။ ကျနော်တို့ရွာထဲကို လက်နက်ကြီးကျည် ခြောက်လုံးကျတယ်။ နှစ်ယောက်ဒဏ်ရာရသွားတယ်။ ဒဏ်ရာက ပြင်းတယ်။ အခု ပုဏ္ဏားကျွန်းဆေးရုံကိုလည်း သွားလို့မရဘူး။ စစ်တွေဆေးရုံကိုလည်းသွားလို့ မရဘူး။ စစ်တပ်က လမ်းတွေကိုပိတ်ထားတယ်”
အသက် ၁၅ နှစ်အရွယ် မောင်စိုးဝင်းဦးမှာ ဘယ်ဘက်ခြေထောက် ဖြတ်ရမယ့်အခြေအနေ ရှိနေပြီး အချိန်မီ ဆေးကုသခွင့်မရခဲ့ရင် အသက်အန္တရာယ်စိုးရိမ်ရတယ်လို့လည်း ဆိုပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာကျေးရွာနားမှာ ဒီကနေ့ မနက်က စစ်တပ်ရိက္ခာတင် ကားနှစ်စီးကို ရက္ခိုင့်တပ်တော် (AA) က ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။
အဲဒီနောက် စစ်ကောင်စီတပ်ရင်းတွေနဲ့ လေကြောင်း၊ ရေကြောင်းကပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့နယ်က တခြားရွာတချို့ကိုလည်း လက်နက်ကြီး ကျည်တွေ ကျရောက်ပေါက်ကွဲတာရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ ပုဏ္ဏားကျွန်းမြို့ပေါ်မှာလည်း လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေ ကြောင့် ဒေသခံတွေ စိုးရိမ်ကြောက်လန့်နေကြရပြီး ဈေးဆိုင်းတွေ၊ စာသင်ကျောင်းတွေကို ပိတ်ထားသလို မြို့တွင်းမှာလည်း တိတ်ဆိတ်နေကြတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် အရပ်သားတွေ ထိခိုက်ဒဏ်ရာရ တာလို့ ပြောဆိုချက်အပြင် ကားလမ်းကိုပိတ်ထားလို့ ဆေးကုသဖို့ခက်ခဲနေတယ်လို့ ပြောဆိုချက်နဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောရေး ဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန်တိုက်ပွဲ ပြင်းထန်တာ အခုဆိုရင် သုံးလကျော်အထိရှိနေပြီးဖြစ်သလို တိုက်ပွဲတွေပြင်းထန်လာတာ နဲ့အမျှ အရပ်သားသေဆုံးမှုတွေဟာလည်း နေ့စဉ်နဲ့အမျှ တိုးလာနေပါတယ်။
RFA က သီးသန့်ပြုစုထားတဲ့ စာရင်းတွေအရ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တကျော့ပြန်တိုက်ပွဲအတွင်း လက်နက်ကြီးတွေ၊ မြေမြှုပ်မိုင်းတွေနဲ့ စစ်လက်နက်ပစ္စည်း တွေကြောင့် သေဆုံးတဲ့အရပ်သား ၁၉ ဦးနဲ့ ဒဏ်ရာရသူ ၆၄ ဦးအထိရှိသွားပြီဖြစ်ပါတယ်။