ကလေးမြို့နယ်မှာ တိုက်ပွဲပြင်းထန်ပြီး CNDF ဒုစစ်ဦးစီးချုပ်နဲ့ အဖွဲ့ဝင်တချို့ သေဆုံး
2024.02.24
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲမှာ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) ဒုတိယစစ်ဦးစီးချုပ်နဲ့ အဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့တယ်လို့ CNDF စစ်ဘက်ဆိုင်ရာ ပြောခွင့်ရသူ ဆလိုင်းကျုံးငိုင်က RFA ကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ပြောပါတယ်။
CNDF ဒုစစ်ဦးစီးချုပ် ယောရှု (ခ) ဆလိုင်းဒေဗစ်နယူး၊ တပ်ဖွဲ့ဝင် ရွေနွန်ကိမ် (ခ) Ange နဲ့ အာမော့စ် ဗန်နိုက်လျန် (ခ) Amos တို့ဟာ အောင်သာရွာအနီးမှာ ဖေဖော်ဝါရီလ ၂၃ ရက်မှာ စစ်ကောင်စီတပ်နဲ့ ပျူးစောထီးတွေက ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။
ကြိုတင်သတင်းရတဲ့အတွက် အခုလို ဖမ်းဆီးသတ်ဖြတ်ခံရတာဖြစ်နိုင်တယ်လို့ ဆလိုင်းကျုံးငိုင်က ပြောပါတယ်။
"အောင်သာရွာနားမှာက ပျူတွေများတယ်။ သတင်းထွက်သွားလို့ ဖြစ်မယ်။ အောင်သာရွာ အရောက်မှာ ဝိုင်းဖမ်းပြီးတော့ သတ်သွားတယ်လို့တော့ သိရတယ်"
ကလေးမြို့နယ်မှာ ဖေဖော်ဝါရီလ ၂၁ ရက်ကစလို့ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြင်းထန်နေပါတယ်။
အဲဒီတိုက်ပွဲတွေမှာ CNDF က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ပါဝင်တိုက်ခိုက်နေတာပါ။