တမူးမှာ အသတ်ခံရတဲ့ အိန္ဒိယနိုင်ငံသားနှစ်ဦးကို မီးသင်္ဂြိုဟ်ပြီးဖြစ်ကြောင်း စစ်ကောင်စီပြော

2022.07.07
Share on WhatsApp
Share on WhatsApp
တမူးမှာ အသတ်ခံရတဲ့ အိန္ဒိယနိုင်ငံသားနှစ်ဦးကို မီးသင်္ဂြိုဟ်ပြီးဖြစ်ကြောင်း စစ်ကောင်စီပြော တမူးမြို့မှာ အသတ်ခံခဲ့ရသည့် အိန္ဒိယနိုင်ငံသားနှစ်ဦး၏ ပုံကို တွေ့ရစဥ်
Photo: Citizen Journalist
စစ်ကိုင်းတိုင်း တမူးမြို့မှာ အသတ်ခံခဲ့ရတဲ့ အိန္ဒိယနိုင်ငံသားနှစ်ဦးရဲ့ ရုပ်အလောင်းတွေကို ဇူလိုင်လ ၆ ရက် မနေ့က မနက်ပိုင်းမှာ မီးသင်္ဂြိုဟ်လိုက်ပြီလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း က နိုင်ငံပိုင်မီဒီယာတွေကနေတစ်ဆင့် ဇူလိုင်လ ၇ ရက် ဒီနေ့မှာ ပြောပါတယ်။
 
ပစ်ခတ်သတ်ဖြတ်ခံရမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းမှုတွေလုပ်ခဲ့ပေမယ့် လာရောက်ဆက်သွယ် တာမရှိခဲ့လို့ ရုပ်အလောင်းတွေကို မီးသင်္ဂြိုဟ်ခဲ့တာလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
 
“မြို့မိမြို့ဖတွေ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ မေးမြန်းစုံစမ်းစစ်ဆေးခဲ့တယ်။ အဲဒီမှာ လာရောက်ဆက်သွယ်တာတော့ မရှိခဲ့ဘူး။ ၆ ရက်နေ့ မနက် ၇ နာရီမှာတော့ တမူးမြို့ သုသာန်မှာ မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရှိခဲ့ရတယ်”
 
ရုပ်အလောင်းတွေကို မီးသင်္ဂြိုဟ်ပြီးတဲ့နောက် ဇူလိုင်လ ၆ ရက်နေ့ နေ့လယ်ပိုင်းမှသာ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် မိုးရေးမြို့မှာရှိတဲ့ နယ်စပ်ကုန်သွယ်ရေးအသင်း တာဝန်ရှိသူတစ်ဦးက ဆက် သွယ်လာပြီး သတ်ဖြတ်ခံရသူတွေဟာ အိန္ဒိယနိုင်ငံသားတွေဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ သူက ဆိုပါတယ်။
 
အသတ်ခံရတဲ့ အိန္ဒိယနိုင်ငံသားနှစ်ဦးရဲ့ အလောင်းကို မြန်မာနိုင်ငံဘက်က ပြန်မပေးတာကြောင့် ဇူလိုင် ၆ ရက်နေ့ မနေ့က အိန္ဒိယနိုင်ငံ မိုးရေးမြို့က ပြည်သူ ၂ဝဝ ကျော် ဆန္ဒပြခဲ့ကြပြီး အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်က ရဲကင်းတစ်ခုကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ဇူလိုင်လ ၆ ရက်နေ့မှာပဲ တမူး-မိုးရေး နယ်စပ်ဂိတ်နားမှာရှိတဲ့ မြန်မာလက်ဖက်ရည်ဆိုင်ကို မိုးရေးဒေသခံတွေက ပိတ်သိမ်းခိုင်းတာကစလို့ ပဋိပက္ခဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံသားနှစ်ဦး ဒဏ်ရာရခဲ့တာလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။
 
အိန္ဒိယနိုင်ငံသားတွေဖြစ်တဲ့ အသက် ၃၅ နှစ်အရွယ် အိုင်ယာနားနဲ့ အသက် ၂၈ နှစ်အရွယ် မိုဟန် တို့ နှစ်ဦးဟာ တမူးမြို့မှာ ဇူလိုင်လ ၅ ရက်နေ့ နေ့လယ်ပိုင်းက သေနတ်သမားတွေက ပစ်ခတ် သတ်ဖြတ်ခဲ့တာလို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
 
သတ်ဖြတ်ခဲ့တဲ့လူတွေဟာ ပျူစောထီးအဖွဲ့ဝင်တွေလို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဘက်က ပြောဆိုထားပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ လုပ်ကြံသူတွေဟာ PDF ဖြစ်နိုင်တယ်လို့ ပြောဆိုထားပါတယ်။
 
အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် Tingnopal ခရိုင် ခရိုင်အုပ်ချုပ်ရေးမှူးကတော့ အရေးကြီးကိစ္စ မရှိဘဲ အိန္ဒိယပြည်သူတွေ မြန်မာပြည်ဘက်ခြမ်းကို သွားလာခြင်းမပြုဖို့၊ သွားလာမယ်ဆိုရင်လည်း သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်ကို ရယူပြီးမှသာ သွားလာရမယ်လို့ ဇူလိုင် ၆ ရက်နေ့က အရေးပေါ် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
 
မိုးရေးမြို့ထဲမှာ လူစုလူဝေးပြုလုပ်တာ၊ အုပ်စုလိုက်သွားလာတာတွေကိုလည်း ဇူလိုင် ၆ ရက်နေ့ကစပြီး အကန့်အသတ်မရှိ ခွင့်မပြုတော့ဘူးလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
 
အခုဖြစ်ရပ်ကြောင့် နှစ်နိုင်ငံနယ်စပ်ဂိတ်လည်း ယာယီပိတ်ထားရပြီး ကုန်စည်စီးဆင်းမှုတွေ ရပ်ဆိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။