ချောင်းသာ မြေအငြင်းပွားမှု သတင်းရေးသူနှစ်ဦး တိုင်းမြေစစ်ကော်မတီကို ရှင်းလင်းတောင်းပန်
2021.01.22
ချောင်းသာကမ်းခြေက မြေယာကိစ္စနဲ့ ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီရဲ့ ဆုံးဖြတ်ချက်တွေအကြောင်း သတင်းရေးသားခဲ့တဲ့ သတင်းထောက်နှစ်ဦးက တိုင်းကော်မတီကို ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ပြန်လည်တောင်းပန်ခဲ့တယ်လို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
ချောင်းသာကမ်းခြေတလျှောက်မှာရှိတဲ့ မြေဧက ၅၀ လောက်ကို ၁၉၉၃/၉၄ ခုနှစ်မှာ စစ်အစိုးရက မတရားသိမ်းဆည်းခဲ့တယ်ဆိုပြီး လုပ်ငန်းရှင်တစ်ဦးက ၂၀၁၉ ခုနှစ်မှာ မြို့နယ်မြေစစ်ကော်မတီကို တိုင်ကြားခဲ့တာပါ။ အဲဒီလုပ်ငန်းရှင် တင်ပြတောင်းဆိုတဲ့ ဧက ၅၀ ထဲက ၂၆ ဧက ကို ဧရာဝတီတိုင်းထဲက မြေစစ်ကော်မတီ အဆင့်ဆင့်က လုပ်ငန်းရှင်ကို ပြန်လည်ပေးအပ်ခဲ့ပါတယ်။
အဲဒီသတင်းကို ရေးသားခဲ့တဲ့ မြန်မာသံတော်ဆင့်သတင်းဌာနက ဦးရဲရင့်ထွန်းနဲ့ Tomorrow သတင်းဌာနက ဦးရဲမင်း (ခ) ပိုင်လေးတို့က ဧရာဝတီတိုင်းအစိုးရနဲ့ မနေ့က မနက် ၁၀ နာရီမှာ လာရောက်တွေ့ဆုံ ရှင်းလင်းခဲ့တာပါ။
သတင်းဖော်ပြမှုနဲ့ ပတ်သက်ပြီး သတင်းဌာနတွေရဲ့ ကိုယ်စားမဟုတ်ဘဲ သတင်းရေးသားခဲ့တဲ့ သတင်းစာဆရာတွေကသာ ပုဂ္ဂိုလ်ရေးအရ ပြန်လည်ရှင်းလင်းခြင်း ဖြစ်တယ်လို့ ဦးရဲရင့်ထွန်း က ပြောပါတယ်။
“ခေါ်တောင်းပန်ခိုင်းတယ်လို့တော့ မဟုတ်ဘူးပေါ့။ သတင်းမှားခြင်း၊ မှန်ခြင်းပေါ်မှာ မမူတည်ဘဲနဲ့ လူကြီးနဲ့ လူငယ်ဆိုတဲ့အနေနဲ့ အစိုးရအဖွဲ့ ကနေပြီးတော့ ဒီသတင်းနဲ့ ပတ်သက်ပြီးတော့ အစိုးရအဖွဲ့ ကနေပြီးတော့ တရားစွဲဆိုမယ်ဆိုပြီး အသံထွက်လာတာတွေရှိတယ်။ ကျနော်တို့ဘက်ကလည်း သတင်းနဲ့ အင်္ဂါရပ်နဲ့ စုံအောင် သတင်းရေးသားပြီးလည်း ဖြစ်တယ်။ ဒီအပေါ်မှာတော့ အငြင်းပွား မနေတော့ဘဲနဲ့ လူကြီးနဲ့ လူငယ် ဂါရဝတရားအရ ပြန်ပြီးတော့ ဒီကိစ္စကို ပြန်ရှင်းလင်းတယ်ဆိုတာလောက်ပဲ ကျနော်တို့က သွားကြတာပေါ့။”
ချောင်းသာမြေယာကိစ္စ သတင်းရေးသားရာမှာ ဧရာဝတီတိုင်းအစိုးရအဖွဲ့ကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ကပ်ရောဂါကာလ မေးမြန်းရာမှာ အခက်အခဲရှိလို့ တိုင်းမြေစစ်ကော်မတီဝင် ပြင်ပပုဂ္ဂိုလ်တစ်ဦးရဲ့ ဖြေကြားချက်ကို ကိုးကားပြီး သတင်းရေးသားခဲ့တာ ဖြစ်တယ်လို့လည်း ဦးရဲရင့်ထွန်းက ပြောပါတယ်။
အဲ့ဒီလို တွေ့ဆုံရှင်းလင်းရာမှာ ဧရာဝတီတိုင်းဒေသကြီး မြေစစ်ကော်မတီဥက္ကဋ္ဌ ဝန်ကြီးချုပ် ဦးလှမိုးအောင်နဲ့ မြေစစ်ကော်မတီဝင်တွေ၊ တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ တိုင်းဥပဒေချုပ်နဲ့ တိုင်းတရားလွှတ်တော် တရားသူကြီးချုပ်တို့ တက်ရောက်ခဲ့ကြပါတယ်။
မြေယာကိစ္စ သတင်းအပေါ် တိုင်းအစိုးရအဖွဲ့က ဥပဒေအကြံတောင်းခဲ့လို့ ဥပဒေချုပ်ကို အကြံပေးပြီးနောက်ပိုင်း အခုလို သတင်းထောက်တွေက တွေ့ဆုံရှင်းလင်းတာ ဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးက ဒုတိယညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦး က RFA ကို ပြောပါတယ်။
“ဒီလိုမျိုးလွဲမှားရေးသားတဲ့အခါမှာ ပုဒ်မ ၅၀၀ ပဲ ဖြစ်ဖြစ်၊ သတင်းမီဒီယာဥပဒေပုဒ်မနဲ့ပဲ ဖြစ်ဖြစ် ၊ ပုံနှိပ် ထုတ်ဝေခြင်း ဥပဒေပုဒ်မနဲ့ပဲ ဖြစ်ဖြစ် ၊ ၁၂၄ (က) နဲ့ ဖြစ်ဖြစ် စွဲဆိုနိုင်တယ်လို့ အကြောင်းပြန်လာတယ်။ အဲ့ဒီလို အကြောင်းပြန်လာတဲ့ အခါကျတော့ အစိုးရအဖွဲ့မှာ အစည်းအဝေးထိုင်တယ်။ ဥပဒေအကြံပြုချက်လည်း အကြောင်းပြန်လာပြီလို့ ကြားတဲ့အခါကျတော့ သတင်းဂျာနယ်တွေက ပုဂ္ဂိုလ်တွေက ဝန်ကြီးချုပ်တို့၊ ဝန်ကြီးတို့နဲ့ တွေ့ဆုံပြီးတော့ တောင်းပန်ချင်တယ်ဆိုပြီးတော့ ရောက်လာကြတာခင်ဗျ။ ကျနော်ဆိုလိုချင်တာက ကျနော်တို့က ခေါ်ပြီးတော့ လာတောင်းပန်ဆိုတဲ့ ပုံစံမျိုး မဟုတ်ပါဘူး။”
မြေ ၂၆ ဧကကို လုပ်ငန်းရှင်ကိုပြန်ပေးဖို့ မြေယာကော်မတီအဆင့်ဆင့်က ဆုံးဖြတ်လိုက်တာဟာ ပွင့်လင်းမြင်သာမှုမရှိဘဲ နစ်နာမှုတွေရှိတဲ့အတွက် ချောင်းသာကမ်းခြေ ဒေသခံတွေက ဒီဇင်ဘာလ ၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီသတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တဲ့သူတွေထဲက လေးဦးကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေနဲ့ ပုသိမ်နယ်မြေရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်။